ဖျာပုံမြို့နယ်က နာဂစ်ဘေးသင့်သူများ တာပေါ်လင် အမိုးအိမ်ဖြင့်နေရဆဲ
0 comments Thursday, April 30, 2009
နာဂစ်မုန်တိုင်းဒဏ်ခံရသည်မှာ တနှစ်ပြည့်လုနီးဖြစ်သော်လည်း မုန်တိုင်းသင့်ဒေသများတွင် နေအိမ်အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း ဖျာပုံမြို့နယ်တွင်း ကျေးရွာများက သိရှိရသည်။“အရင်ကဆိုရင်တော့ ဒီရွာဟာ အိမ်ခြေ (၈၀) ကျော်လောက်သာရှိတဲ့ မိသားစုတွေနေထိုင်ကြတယ်။ အခုတော့ နှစ်ဆတိုးလာတယ်။ ဘာလို့လည်းဆိုတော့ နာဂစ်မဖြစ်ခင်က လူတွေဟာ လယ်တွေလုပ်ရင်း၊ ရေလုပ်ငန်းလုပ်ရင်း၊ ကျပန်းလုပ်ကိုင်ရင်းနဲ့  ကွင်းထဲတွေမှာ နေကြတယ်လေ။ မုန်တိုင်းတိုက်ပြီးတော့ ရွာထဲကို ပြောင်းပြေးလာကြတယ်။ နေစရာက မရှိတော့ဘူးလေ။ အလှူရှင်တွေလှူတဲ့ နေစရာလေးတွေကိုပဲ ခုထိ မျှော်နေရဆဲပဲ” ဟု ဖျာပုံမြို့နယ် အချာလေးကျေးရွာသားတဦးက ပြောသည်။
နာဂစ်ကာလက ရွာတွင် အစိုးရကပေးသော အလှူပစ္စည်းများ အနည်းစုသာရရှိခဲ့ပြီး ယခုအခါ save the children/ world vision နှင့် အခြားသော ပုဂ္ဂလိကအဖွဲ့အစည်းများက စားဝတ်နေရေးကိစ္စရပ်များကို ဖြေရှင်းပေးနေဆဲ ဖြစ်ကြောင်း ရွာခံများက ပြောသည်။
ဒေးဒရဲမြို့နယ်တွင်းရှိ ဇီးဖြူချောင်းရွာ၊ တမံစုရွာတို့တွင် နေအိမ်အခက်အခဲဖြစ်နေသူအချို့ ရှိနေကြောင်း ရွာခံများက ပြောသည်။
“ကျနော်တို့က ဘောက် (ကျပန်း) လုပ်စားတာပါ။ အမှန်အတိုင်းပြောရရင် အရင်တုန်းကလည်း ကျနော်တို့ တောနေရတာ ဒီလိုပုံစံမျိုးပါပဲ။ ဒါပေမယ့် တခုကွာတာက အိမ်တွေသေးသေးလေး ဖြစ်ချင် ဖြစ်မယ်၊ သေသေသပ်သပ် အမိုးအကာနဲ့ ကျကျနန ဆောက်ထားကြတာလေ။ နာဂစ်မုန်တိုင်းက ကျနော်တို့ရဲ့ အိမ်တွေကို အမှိုက်တစလေးလိုပဲ သယ်သိမ်းသွားတာလေ။ အရင်က ကျပန်းလုပ်ကိုင် စားသောက်တယ်ဆိုပေမယ့် အလုပ် လုပ်ရတာ လွယ်ကူတယ်။ ရှင်းရှင်းပြောရရင် ငွေရှာရတာ လွယ်တယ်လေ။ ခုများတော့ မလွယ်တော့ဘူး။ ဒါကြောင့် အလှူရှင်ကိုပဲ မျှော်ရတာပါ” ဟု ဇီးဖြူချောင်းကျေးရွာသားတဦးက ပြောသည်။
ရွာတရွာလျှင် အိမ်ခြေ (၁၀၀) မှ (၂၀၀) ၀န်းကျင်ရှိသော ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စုရှိ ရွာများတွင် နာဂစ်တိုက်ပြီးစဉ်ကာလက အလှူရှင်များပေးသော တာပေါ်လင် အမိုးနဲ့  ၀ါးထရံအကာ အိမ်များဖြင့် ပြီးခဲ့သည့် မိုးရာသီကာလကို ကျော်လွန် ဖြတ်သန်းခဲ့ကြရပြီးနောက် ယခုနှစ်အတွက် တတ်နိုင်သူများအနေဖြင့် ဓနိကို ပြောင်း၍ မိုးကြသော်လည်း မတတ်နိုင်သူများအနေဖြင့် တမိုးအသုံးပြုပြီးသော တာပေါ်လင် အမိုးအိမ်တို့ဖြင့်သာ ယခုနှစ် မိုးရာသီကို ကုန်လွန်ရတော့မည် ဖြစ်ကြောင်း ယင်းဒေသရှိ ရွာခံများက ပြောပြကြသည်။
နာဂစ်သင့်ဒေသ ကျောင်းများ ဆောက်လုပ်ရေး သဘောကွဲလွဲ
0 comments| မဇ္ဈိမသတင်းဌာန |
| ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 20:04 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ကလုံး နာဂစ်ဒဏ်သင့် ဒေသများတွင် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ခွင့် ပြုရေးအပေါ် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အမှတ် ၁ အခြေခံပညာဦးစီးဌာန အရာရှိများအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လျက် ရှိသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြန်လည် ထူထောင်ရေးအတွက် ကွပ်ကွဲရေးဝန်ကြီးများက ကုမ္ပဏီ ၄ဝ ကို စာသင်ကျောင်းပေါင်း ၆၈ဝ ကို ပြန်လည် တည်ဆောက်ခွင့် ခွဲတမ်း သတ်မှတ်ပေးထားသည့်အပေါ် အခြေခံပညာ အရာရှိများက လက်မခံဘဲ ခွဲတမ်းအသစ် ပြန်လည် ချထားမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ရန် ကုမ္ပဏီများနှင့် သဘောတူလက်မှတ် မရေးထိုးနိုင်သေးဘဲ ရှိနေသည်။
”အခြေခံပညာ ဦးစီးဌာနက ကျောင်းဆောက်လုပ်ရေးတွေမှာ သူတို့ဘာသာ စီမံခန့်ခွဲမှု လုပ်ချင်တယ်။ ဒါကြောင့် နာဂစ် ဝန်ကြီးတွေဆီက လာတဲ့ စာရင်းကို သူတို့ စိတ်ကြိုက် ပြန်ပြင်ကြတယ်” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။
စုစုပေါင်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၂ဝဝဝ ကျော်ရှိ စာသင်ကျောင်းများ ဆောက်လုပ်ခွင့် ရရေးအတွက် လုပ်ငန်းရှင်များက သက်ဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးမှုများ ရှိနေသည်ဟု အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၈၄၅၃၇ ဦး သေဆုံးပြီး၊ ပျောက်ဆုံးသူ ၅၃၈၃၆ ဦး ရှိခဲ့သည်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော မြို့နယ် ၃ဝ တွင် ဘုန်းတော်ကြီး စာသင်ကျောင်းများ အပါအဝင် အများပြည်သူပိုင် ကျောင်းများ၏ ၅ဝ မှ ၆ဝ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်ဟု ပူးပေါင်း အကဲဖြတ် လေ့လာရေး အစီရင်ခံစာတွင် ပါရှိသည်။
အမှတ် ၁ အခြေခံပညာ ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများသည် ယခုအချိန်အထိ သဘောတူညီမှု မရသေးသဖြင့် မိုးရာသီ ကျရောက်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။
ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဟု ဆိုကာ စစ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်အချို့ကို ဒေသခွဲ ချမှတ်ပေးခဲ့သလို လုပ်ငန်းတိုးတက်မှုကို ကြီးကြပ်ရန် ဝန်ကြီးအချို့ကိုလည်း တာဝန်ပေးခဲ့သည်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ကာလဝမ်းရောဂါ အသွင်ပြောင်း
0 comments| မဇ္ဈိမသတင်းဌာန |
| ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 12:46 - မြန်မာစံတော်ချိန် |
သောက်သုံးရေ ရှားပါးသော မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများ၊ ရန်ကုန်၊ မန္တလေးတို့ရှိ မြို့နယ်အချို့နှင့် နာဂစ် မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း မြို့နယ်အချို့တွင် လတ်တလော ဖြစ်ပွားလျက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုသည် ကူးစက်ပျံ့နှံ့လာပြီး ကာလဝမ်းရောဂါ အသွင်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
မတ်လ လယ်တွင် မြန်မာ့ အလယ်ပိုင်း ဒေသ မကွေး၊ မိတ္ထီလာ ၊ ဧပြီလဆန်းပိုင်းတွင် ရန်ကုန်တိုင်း မြို့နယ်များ ဖြစ်သော် သာကေတ၊ ဒေါ်ပုံ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာ၊ သန်လျင်၊ ဧရာဝတီတိုင်း နာဂစ်ဒဏ်သင့် လပွတ္တာ၊ ဘိုကလေး ဒေသများနှင့် သင်္ကြန်ကာလ အတွင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်နှင့် အမရပူရတို့တွင် ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်း ဝမ်းပျက် ဝမ်းလျော ဆက်လက် ကူးစက် ဖြစ်ပွား နေသည်။
“အသေအပျောက်တော့ ရှိပါတယ်။ ဒါပေမယ့် တိတိကျကျ စာရင်းကောက်ယူ ထားတာမျိုးတော့ မရှိသေးပါဘူး။ သိသလောက်တော့ သာကေတမှာ သေတယ်။ မြောက်ဥက္ကလာနဲ့ မြင်းခြံတို့မှာ အခြေအနေ ဆိုးတယ်။ ဧရာဝတီတိုင်းက ဖြစ်တာတွေတော့ သတင်းအချက်အလက် မရဘူး။ သေသေချာချာလည်း သွားမလုပ်နိုင်ဘူး။ အားလုံး ပေါင်းရင်တော့ သေတာ၂ဝ ကျော်လောက်တော့ ရှိသွားပြီ။ လက်လှမ်းမမီတာတွေလည်း ရှိပါသေးတယ်” ဟု ဆိုသည်။
ဝမ်းပျက်ဝမ်းလျှောမှာ ယခင်က မိုးဦးကျတွင် စတင် ဖြစ်ပွားတတ်သော်လည်း ယခုနှစ်တွင် နွေရာသီကာလ အတွင်း စတင် ဖြစ်ပွားနေပြီ ကာလဝမ်းရောဂါအဆင့်သို့ ရောက်ရှိနေသည်ဟု သူက ဆိုသည်။
ယင်း ဝမ်းရောဂါ ဝေဒနာရှင်အချို့မှာ နောက်ဆက်တွဲ ရောဂါအဖြစ် အသည်းခြောက် ရောဂါပါ ဆက်လက် ဖြစ်ပေါ်နေကြောင်း ရန်ကုန်ဆေးရုံကြီး အသည်းရောဂါဌာနမှ ပါမောက္ခ ဒေါက်တာသံစစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ဧပြီလ ၂၈ ရက်နေ့ထုတ် True News သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
0 comments| မြင့်မောင် |
| ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 19:04 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ထူးကဲစွာ ဝက်သေဆုံးမှုများ ဖြစ်ပေါ်နေရာ ဝက်တုပ်ကွေးရောဂါ စိုးရိမ်မှုကို မီးထိုးပေးလိုက်သည်။
တပိုင်တနိုင် ဝက်မွေးမြူးရေး လုပ်ငန်းများ လုပ်နေသည့် တွံတေးမြို့ အုတ်ဖို အနောက်ပိုင်းရပ်ကွက်၊ တံခွန်တိုင်နှင့် ဇီးဖြူကုန်းရွာတွင် ဝက်ကောင်ရေ ၂၅ ကောင်ခန့် ဧပြီ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့သည်။
“မသေခင်မှာ ပါးစပ်ထဲက အမြှုပ်တွေ ထွက်တယ်။ ဆန့်တငင်ငင် ဖြစ်တယ်။ ၂ နာရီ လောက်ကြာရင် သေသွားတယ်။ သေသွားတဲ့ ဝက်တွေကို ပေါ်လိုက်တဲ့အခါ အသားတွေက မဲပုပ်ပုပ် ဖြစ်နေတယ်။ အဲဒီ ဝက်တွေကို ကြည့်လိုက်ရင် ရေဓာတ် ခမ်းခြောက်တဲ့ အနေအထား ရှိတယ်။ ” ဟု တွံတေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ထို့အပြင် တွံတေးမြို့ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာဌာန ဝန်ထမ်းများသည် ဒေသတွင်းသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ရောဂါဖြစ်သည်ကို အမည်တပ်နိုင်ခြင်း မရှိကြောင်းနှင့် အခြား ကျေးရွာများတွင်ပါ ယခုလို ဝက်သေဆုံးမှုများ ပေါ်ပေါက်လာပါက အကြောင်းကြားရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ဇီးဖြူကုန်း ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဝက်မွေးမြူရေး လုပ်တာတွေ ရှိတယ်။ တပိုင်တနိုင် မွေးမြူးရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင် တယောက်ဟာ ဝက်အကောင်ရေ ၅ဝ လောက် မွေးထားရာမှာ အခုဆို ၂၂ ကောင်ပဲ ကျန်တော့တယ်။ ' ဟု မဇ္ဈိမကို ပြောသည်။
ယခုအခါ တွံတေးမြို့ ဝက်သားဆိုင်များတွင် ဝက်သား အရောင်းအဝယ် ထိုင်းမှိုင်းသွားသည်။
မက္ကဆီကိုနိုင်ငံမှ စတင်ခဲ့သည့် ဝက်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံ အချို့သို့ ကူးစက်မှုရှိနေပြီး စိုးရိမ်သောက များနေချိန်တွင် ဝက်များ ယခုကဲ့သို့ အစုလိုက် သေဆုံးခြင်းက လူအများ အာရုံစိုက်စရာ ဖြစ်လာစေခဲ့သည်။
နာဂစ် ကလေးငယ်များ ပညာရေး ခက်ခဲနေဆဲ
0 commentsနာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ကလေးငယ်များ၏ ပညာရေးအတွက် အခက် အခဲများစွာ ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပညာရေး ဒုက္ခသည် နာဂစ် ကလေးငယ်များ (ဓာတ်ပုံ - အောင်သက်ဝိုင်း)
မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အခြေခံပညာကျောင်းပေါင်း ၄၀၀၀ ကျော် ပြိုလဲပျက်စီးခဲ့ရာ မုန်တိုင်းတိုက်ပြီး တနှစ်ပြည့်ချိန်နီးအထိ စာသင်ကျောင်းပေါင်း ၁၅၀၀ နီးပါးသာ ပြန်လည်ပြုပြင်နိုင်သေးကြောင်း ယင်းဒေသတွင် ကျောင်းများဆောက်လုပ်နေသော နာမည်ကျော်ဆောက်လုပ်ရေးကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်ပိတ်တဲ့ အချိန်ထိ စာသင်ကျောင်းပေါင်း ၆၀၀ ကျော်အစိုးရက တည်ဆောက် ပြီးစီး တယ်။ အခု၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေးနှစ်အစမှာ ကျောင်းပေါင်း ၇၀၀ ကျော်ပြီးစီးအောင် တည်ဆောက်နေတယ်။ အလှူရှင်တွေနဲ့ အဖွဲ့အစည်းတွေကပါ တည်ဆောက်တဲ့ အရေအတွက်ပါထည့်ပေါင်းရင် ပျက်စီးသွားတဲ့ စာသင် ကျောင်း ၄၀၀၀ မှာ ၁၅၀၀ လောက် ပြုပြင်တည်ဆောက်နေကြတယ်”ဟု အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီ တာ ၀န် ရှိသူက ဆိုသည်။
မုန်တိုင်းသင့်ဒေသတွင် စာသင်ကျောင်းများဆောက်လုပ်နေသော ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် စီးပွား ရေး အကြပ်အတည်း ကြုံချိန်ဖြစ်သည့်အတွက် သတ်မှတ်ချိန်တွင်ပြီးစီးရန် အခက်အခဲများရှိနေကြောင်း သိရသည်။
“ကျောင်းတခုဆောက်မယ်ဆိုရင် အစိုးရဆီက ငွေကြိုမရဘူး။ ဆောက်ပြီးတဲ့အဆင့်ကိုလိုက်ပြီး ငွေလေးရစ်ခွဲယူရ တယ်။ ငွေမလည်တဲ့ ကုမ္ပဏီတွေအနေနဲ့ စီးပွားရေးအကြပ်အတည်းကြောင့် စာသင်ကျောင်းတွေ ကျောင်းဖွင့်ချိန် အမီ ပြီးနိုင်ဖို့ မလွယ်ပါဘူး”ဟု မုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ၀ါဝါ၀င်း ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတဦးက ရှင်းပြသည်။
ထိုသို့ ပျက်စီးသွားသည့် စာသင်ကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပြီးစီးရန် လိုအပ်နေသည့်အပြင် စာသင် ကျောင်းမရှိသော ကျေးလက်တောရွာများလည်း ရာနှင့်ချီကာ အများအပြားရှိနေကြောင်း သိရသည်။
“ရွာပေါင်း၂၄ ရွာ ရှိတဲ့ ဒိုင်နယ်(ကျေးရွာအုပ်စု) တခုမှာ မူလတန်း စာသင်ကျောင်းက ဆယ်ကျောင်းလောက် ပဲရှိ တယ်။ ရွာတိုင်းမှာ စာသင်ကျောင်းမရှိတော့ ကျောင်းတက်ဖို့ အရမ်းခက်ခဲတယ်။ မိုးတွင်းလို အချိန်မျိုးဆိုရင် ကလေး တွေကျောင်းတက်ဖို့လုံးဝခက်ခဲပါတယ်”ဟု လပွတ္တာမြို့နယ်၊ ရှော်ချောင်းကျေးရွာအုပ်စုဝင်မိကျောင်းအိုင် ကျေးရွာမှ ကျေးရွာအာဏာပိုင်တဦးက ပြောသည်။
တချို့စာသင်ကျောင်းရှိသော ကျေးရွာများတွင် သင်ကြားမည့် ဆရာ၊ ဆရာမ မရှိသည့်အတွက် ကျေးရွာ က ငွေကြေးစုဆောင်း၍ ပြင်ပမှ ဆရာ၊ ဆရာမများကို ခက်ခက်ခဲခဲ ငှားရမ်းရမှုများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
“မူလတန်းဆရာ၊ ဆရာမ တယောက် ငှားမယ်ဆိုရင် စာသင်နှစ် တနှစ်အတွက်စပါးတင်းတရာ၊ တရာ့ငါးဆယ် (ငွေသုံးသိန်းနှင့်ငါးသိန်းကြား) ချက်ချင်းပေးရတယ်။ ဒါတောင် ခက်ခက်ခဲခဲငှားရတာ။ အစိုးရက တာဝန်ချပေး မယ့် ဆရာ၊ ဆရာမက ရချင်မှရတာ”ဟု ဘိုကလေးမြို့နယ် ကျေးရွာအုပ်စုကြီးတခုမှ ရွာလူကြီးတဦးက ပြော သည်။
ကျေးရွာများတွင် မူလတန်းပြီးဆုံးသွားပါက အလယ်တန်းနှင့် အထက်တန်းပညာများသင်ယူရန် စာသင်ကျောင်း မရှိဘဲ ငွေကြေးတတ်နိုင်သူများသာ ရွာကြီးများ၊ မြို့ကြီးများရှိ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်း များတွင် ဆက်လက်ပညာသင်ကြားနိုင်ကြကြောင်း၊ ကလေးအများစုမှာ ဆက်လက်စာသင်ကြားနိုင်ခြင်း မရှိဘဲ ကျောင်းမှထွက်ကာ လယ်လုပ်ငန်း၊ တံငါလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြရကြောင်းလည်း သိရသည်။
“မူလတန်းပြီးရင် အလယ်တန်းနဲ့ အထက်တန်းတက်ဖို့ တွဲဖက်အထက်တန်းကျောင်းရှိတဲ့ရွာကြီးတွေမှာသွားတက် ရမှာဆိုတော့ တော်ရုံတန်ရုံငွေကြေးမရှိတဲ့ လယ်သမား၊ တံငါသမားအများစု သားသမီးတွေက ကျောင်းထွက်ပြီး လယ်လုပ် ငါးဖမ်းလုပ်ကြတယ်”ဟု လပွတ္တာ၊ စလူချောင်းကျေးရွာသား တဦးက ဆိုသည်။
မြစ်ဝကျွန်းပေါ် ကျေးလက်တောရွာများတွင် လေးတန်းထိသာ ပညာသင်ကြားရသော ကလေးအများစု ရှိနေပြီး အလယ်တန်းနှင့် အထက်တန်း ပညာသင်ကြားရသော ကလေးအရေအတွက်နည်းပါးလှသည်ဟု သိရှိရသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတခုလုံးတွင် အခြေခံပညာကျောင်းပေါင်း ၆၃၂၄ ကျောင်းရှိသည့်အနက် အလယ် တန်း ကျောင်း ၄၃၂ ကျောင်းနှင့် အထက်တန်းကျောင်း၂၅၇ ကျောင်းသာ ရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။
နာဂစ်ဒေသ အကူအညီ “အကြီးအကျယ်” လိုအပ်
0 commentsနာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး တနှစ် ပြည့်တော့မည့် အချိန်တွင် ဒုက္ခသည်များ အတွက် သောက်သုံးရေ အပါအ၀င် အကူအညီ အထောက်အပံ့များ အကြီးအကျယ် လိုအပ်နေဆဲဖြစ် သည်ဟု ကယ်ဆယ် ကူညီရေး အဖွဲ့များထံမှ သိရသည်။

ဧရာဝတီတိုင်းမှ နာဂစ်မုန်တိုင်း ဒုက္ခသည် ကလေးငယ်တဦး (ဓာတ်ပုံ - အေပီ)
မိဘမဲ့ ကလေးငယ် အများအပြား ဘုန်းကြီးကျောင်းများ၊ ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း Andrew Kirkwood က ရှင်းပြသည်။
မုန်တိုင်းဒဏ် သင့်ခဲ့သူများ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသ အနောက်တောင်ပိုင်းရှိ ဒုက္ခသည်များ၏ ဘ၀ ပြန်လည် နာလန်ထူရေး အတွက် နှစ်အတော်ကြာ အချိန်ယူရမည်ဟု Andrew Kirkwood က ခန့်မှန်းထားသည်။
ယမန်နေ့က နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး ဆိုင်ရာ အစည်းအဝေးတခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာပြည် ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်၊ ကုလ သမဂ္ဂ စားနပ် ရိက္ခာအဖွဲ့ နှင့် ဟော်လန်အခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့ တို့၏ မြန်မာပြည် အခြေစိုက် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် နာဂစ် ဒေသသို့ ရိုက်ခတ်မည့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ သက်ရောက်မှုများကို ဦးစားပေး ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးချက်များတွင် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ၊ နာဂစ် ဒုက္ခသည်များအတွက် နိုင်ငံတကာ၏ ထောက်ပံ့မှုများ လုံလောက်မှု ရှိ မရှိ စသည့် အကြောင်းအရာများလည်း ပါဝင်သည်။
ဤအတောအတွင်း ဥရောပ နိုင်ငံများက မြန်မာပြည်သို့ အကူအညီ ပေးမည့် အစီအစဉ်များ ဆက်လက် ပြုလုပ်ရန် အဆင်သင့် ရှိနေကြောင်း ပြောကြားလိုက်သည်။
မြန်မာပြည်သို့ အကူအညီများ ပိုမို ပေးအပ်ရန် အသင့် ဖြစ်နေပြီဟု ဥရောပ ကော်မရှင်၏ ဥရောပ အကူအညီ ပေးရေး ညှိနှိုင်း ဆောင်ရွက်မှု အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Koos Richelle က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် အလွန်အမင်း လိုအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများအတွက် အလှူရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရမည်ဟု Koos Richelle က ပြောသည်။
ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ပတ်သက်ပြီး စစ်အစိုးရက ဆွေးနွေးရန် လက်ခံခြင်း မရှိသဖြင့် အကူ အညီ ပေးရေး လုပ်ငန်းများ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။
“ပြင်ပကမ္ဘာနဲ့ ခပ်ကင်းကင်းနေတတ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်” ဟု Koos Richelle က ဖိလစ်ပိုင်နိုင်ငံတွင် ၂ရက်ကြာ ပြုလုပ်သည့် အာရှ-ဥရောပ အစည်းအဝေးတွင် ပြောလိုက်သည်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့က နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်ခဲ့ရာ လူအသေအပျောက် ၁၄၀ ၀၀၀ ကျော် ရှိခဲ့သည်။

ပြည်တွင်းဂျာနယ်တခုက ကုလသမဂ္ဂလူသားချင်းဆိုင်ရာ (ရန်ကုန်) ယာယီတာဝန်ခံ ဒေးဗစ်အီဗန်ကို ကိုးကား ရေးသားထားသော သတင်းတပုဒ်တွင် ယခုအချိန်အထိ လုံခြုံစိတ်ချရသော နေအိမ်လိုအပ်နေသည့် အိမ်ထောင်စုပေါင်း (၁) သိန်း (၃) သောင်းကျော် ရှိနေဆဲဟုဆိုသည်။ လူဦးရေဖြင့်ဆိုလျှင် လူပေါင်း (၅) သိန်းခန့် ခိုလှုံရာ အိုးအိမ်မဲ့နေသည့် အခြေအနေဖြစ်သည်။
ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း မတိုင်မီနဲ့ ဖြစ်ပွားနေတဲ့ကာလမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနဟာ သူ့တာဝန်ဖြစ်တဲ့ မိုးလေဝသ သတင်းတွေကို ပုံမှန် ထုတ်ပြန်ပေးခဲ့ပါတယ်။ တကယ်ဆိုရင်တော့ ဒီသတင်းတွေရဲ့ အရေးပါမှု အခြေအနေကို လိုက်ပြီး ထိပ်ပိုင်း စစ်အာဏာပိုင်တွေကနေ အောက်ခြေအဆင့်ဆင့် ကို ညွှန်ကြား လမ်းညွှန်ချက်ပေးပြီး ပြည်သူတွေ အခြေအနေ မဆိုးအောင် အသေအပျောက်နည်းအောင် ဦးဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းဘေးတနေရာမှာ လူတယောက် နိုင်ငံရေးဝါဒဖြန့် စာရွက်ဝေနေတာနဲ့ မိနစ်ပိုင်းအတွင်း ဖမ်းဆီးနိုင်ဖို့ အမြဲအဆင်သင့်ရှိနေတဲ့ စစ်အာဏာပိုင်တွေဟာ ဒီလို တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အခြေအနေအတွက်ကို တော့ ဘာအသိဉာဏ် ဗဟုသုတမှ မရှိသလို ဘယ်လို အစီအစဉ်တွေနဲ့မှ အကာအကွယ် ပေးနိုင်ခဲ့တာ မတွေ့ရပါဘူး။