ဖျာပုံမြို့နယ်က နာဂစ်ဘေးသင့်သူများ တာပေါ်လင် အမိုးအိမ်ဖြင့်နေရဆဲ.... နာဂစ်နှစ်လည် မေးခွန်း.... နာဂစ်လေဘေးမှာ လူတွေအမြောက်အမြား သေဆုံးဖို့ သင့်ပါသလား (သတင်းသုံးသပ်ချက်).... နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများရှိ ကလေးများ၏ ပညာရေး မျှော်လင့်ချက် ကင်းမဲ့နေဆဲ....

သောက်သုံးရေ ရှားပါးမှုအတွက် ရေရှည် အဖြေရှာရန်လ

ဆလိုင်းပီပီး
စနေနေ့၊ မေလ 02 2009 11:37 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ လတ်တလော သောက်ရေရှားပါးမှု ပြဿနာသည် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံခဲ့ရသော မြန်မာပြည် မြစ်ဝကျွန်းပေါ် ဒေသများတွင် အရေးတကြီး အာရုံစိုက် ဖြေရှင်းရမည့် အဓိက စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ကယ်ဆယ်ရေး လုပ်သားများက ပြောသည်။

“ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ပင်လယ်နဲ့နီးတဲ့ ဒေသတချို့မှာ ကြုံနေရတဲ့ သောက်ရေရှားပါးမှုကို ချက်ချင်းဖြေရှင်းဘို့ လိုတယ်” ဟု မြန်မာ ကယ်ဆယ်ရေး လုပ်သားတဦးက မဇ္ဈိမကို ပြောသည်။

ယမန်နှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ နေရာအများအပြား ဆားငံရေ ဖုံးလွှမ်းသွားခဲ့သည်။ ဤမုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ သေဆုံးခဲ့ပြီး၊ လူပေါင်း ၂.၄ သန်းခန့် အပြင်းအထန် မုန်တိုင်းဒဏ် ခံခဲ့ရသည်။

ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ပြီးသည့်အခါ သောက်ရေရရှိရာ ရေအရင်းအမြစ်များဖြစ်သော ရေတွင်းရေကန်များတွင် တင်ကျန်ခဲ့သော အပျက်အစီးများကို ကောင်းစွာ မဖယ်ရှားရသေးဘဲ အဆိုပါ ရေကန်များမှာ ဆားငံရေများ ဝင်ရောက်ခြင်းလည်း ခံခဲ့ရသည်။

“ဒီလို အကျိုးဆက်တွေကြောင့် ဧရာဝတီတိုင်းက ပင်လယ်နဲ့ နီးတဲ့ဒေသတွေမှာ လတ်တလော သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရတယ်” ဟု မြန်မာကယ်ဆယ်ရေး လုပ်သားက ပြောသည်။

အဆိုးဝါးဆုံး ရင်ဆိုင်နေရသော ဒေသများမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်တောင်ပိုင်း လပွတ္တာမြို့နယ်ရှိ ပြင်ခရိုင်ကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာများ ဖြစ်သည်။

ဤသောက်ရေ ရှားပါးမှု ပြဿနာ စိန်ခေါ်မှုသည် ခြောက်သွေ့ရာသီတွင် ပိုဆိုးလာသည်ဟု World Vision Asia Pacific အဖွဲ့၏ ဒေသဆိုင်ရာ ဆက်သွယ်ရေး အကြံပေးအရာရှိ ဂျိမ်းအိစ် (James East) ကလည်း ဤအတာအတွင်း ပြောဆိုလိုက်ပါသည်။

“မုန်တိုင်း တိုက်ပြီးတဲ့အခါ ချက်ချင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကြီးက ရေမလုံလောက်တဲ့ ကိစ္စဘဲ၊ ခု ခြောက်သွေ့ရာသီမှာ ပိုတောင်ဆိုးလာတယ်” ဟု James East က မဇ္ဈိမကို ပြောသည်။

World Vision အပါအဝင် နိုင်ငံတကာအန်ဂျီအို (INGOs) များက မုန်တိုင်းဒဏ်ခံ ဒေသများရှိ ဒုက္ခဒဏ်ခံနိုင်စွမ်း အားမရှိသော ကျေးရွာသားများကို သောက်ရေ တိုးတက်ရရှိရေးအတွက် အကူအညီများ ပေးအပ်ခဲ့သည်ဟု ဂျိမ်းစ် က ပြောသည်။

“ရေကန်တွေထဲက အပျက်အစီး အမှိုက်သရိုက်တွေ ရှင်းပေးတယ်၊ ရေသန့်စက်တွေ တပ်ပေးတယ်၊ မိလ္လာစနစ်တွေ လုပ်ပေးတယ်၊ ကျန်းမာရေး သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို World Visioin လို အန်ဂျီအိုတွေက ပေးတယ်၊ ဒါတွေလုပ်ပေးလို့ ရေရရှိမှု ပိုလာတယ်” ဟု James East က ပြောသည်။

အခြား ဒေသခံကယ်ဆယ်ရေး လုပ်သားတဦးကလည်း သူတို့အနေနှင့်လည်း ရေသန့်ဘူးများ ဝေပေးခြင်း၊ ပြည်တွင်းဖြစ် စဉ့်အိုးလို ပလပ်စတစ် ရေပုံးလို ရေသိုလှောင်နိုင်သော ပစ္စည်းများပေးခြင်း၊ စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် မိုးရာသီတွင် သောက်ရေများ သိုလှောင်ထားနိုင်မည် ဖြစ်ကြောင်း ပြောသည်။

“သောက်ရေဝေပေးတာက ၂ ရက် ၃ ရက်ဘဲခံမှာ။ သောက်ရေနဲ့ တခြား ကူညီနိုင်င်တာတွေ ကူညီနေတာက ပြဿနာကို ခုလောလောဆယ်ဘဲ ဖြေရှင်းပေးနိုင်တာ” ဟု သူက ဆက်လက် ပြောကြားသည်။

ခြောက်သွေ့ရာသီတွင် သောက်ရေ ရှားပါးမှု ပြဿနာကို ကာကွယ်နိုင်ရန် ရေရှည် အဖြေတရပ် လိုအပ်နေကြောင်းဖြင့် World Visioin မှ James East က ပြောပါသည်။ “ခြောက်သွေ့ရာသီမှာ ရေပြတ်လပ်မှုကို ရှောင်ရှားနိုင်ဘို့အတွက် ရေရှည် ဖြေရှင်းနည်းတွေဖြစ်တဲ့ ရေသန့်တဲ့ရေစစ်တွေ မိသားစုတွေကို ပေးတာ၊ သင့်တော်တဲ့ နေရာတွေမှာ ရေတွင်းတွေ တူးပေးတာ ဆိုတာတွေက အရေးကြီးတယ်” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

0 comments:

Post a Comment