ဖျာပုံမြို့နယ်က နာဂစ်ဘေးသင့်သူများ တာပေါ်လင် အမိုးအိမ်ဖြင့်နေရဆဲ.... နာဂစ်နှစ်လည် မေးခွန်း.... နာဂစ်လေဘေးမှာ လူတွေအမြောက်အမြား သေဆုံးဖို့ သင့်ပါသလား (သတင်းသုံးသပ်ချက်).... နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများရှိ ကလေးများ၏ ပညာရေး မျှော်လင့်ချက် ကင်းမဲ့နေဆဲ....

ဖျာပုံမြို့နယ်က နာဂစ်ဘေးသင့်သူများ တာပေါ်လင် အမိုးအိမ်ဖြင့်နေရဆဲ

0 comments Thursday, April 30, 2009
နာဂစ်မုန်တိုင်းဒဏ်ခံရသည်မှာ တနှစ်ပြည့်လုနီးဖြစ်သော်လည်း မုန်တိုင်းသင့်ဒေသများတွင် နေအိမ်အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း ဖျာပုံမြို့နယ်တွင်း ကျေးရွာများက သိရှိရသည်။

“အရင်ကဆိုရင်တော့ ဒီရွာဟာ အိမ်ခြေ (၈၀) ကျော်လောက်သာရှိတဲ့ မိသားစုတွေနေထိုင်ကြတယ်။ အခုတော့ နှစ်ဆတိုးလာတယ်။ ဘာလို့လည်းဆိုတော့ နာဂစ်မဖြစ်ခင်က လူတွေဟာ လယ်တွေလုပ်ရင်း၊ ရေလုပ်ငန်းလုပ်ရင်း၊ ကျပန်းလုပ်ကိုင်ရင်းနဲ့  ကွင်းထဲတွေမှာ နေကြတယ်လေ။ မုန်တိုင်းတိုက်ပြီးတော့ ရွာထဲကို ပြောင်းပြေးလာကြတယ်။ နေစရာက မရှိတော့ဘူးလေ။ အလှူရှင်တွေလှူတဲ့ နေစရာလေးတွေကိုပဲ ခုထိ မျှော်နေရဆဲပဲ” ဟု ဖျာပုံမြို့နယ် အချာလေးကျေးရွာသားတဦးက ပြောသည်။

နာဂစ်ကာလက ရွာတွင် အစိုးရကပေးသော အလှူပစ္စည်းများ အနည်းစုသာရရှိခဲ့ပြီး ယခုအခါ save the children/ world vision နှင့် အခြားသော ပုဂ္ဂလိကအဖွဲ့အစည်းများက စားဝတ်နေရေးကိစ္စရပ်များကို ဖြေရှင်းပေးနေဆဲ ဖြစ်ကြောင်း ရွာခံများက ပြောသည်။

ဒေးဒရဲမြို့နယ်တွင်းရှိ ဇီးဖြူချောင်းရွာ၊ တမံစုရွာတို့တွင် နေအိမ်အခက်အခဲဖြစ်နေသူအချို့ ရှိနေကြောင်း ရွာခံများက ပြောသည်။

“ကျနော်တို့က ဘောက် (ကျပန်း) လုပ်စားတာပါ။ အမှန်အတိုင်းပြောရရင် အရင်တုန်းကလည်း ကျနော်တို့ တောနေရတာ ဒီလိုပုံစံမျိုးပါပဲ။ ဒါပေမယ့် တခုကွာတာက အိမ်တွေသေးသေးလေး ဖြစ်ချင် ဖြစ်မယ်၊ သေသေသပ်သပ် အမိုးအကာနဲ့ ကျကျနန ဆောက်ထားကြတာလေ။ နာဂစ်မုန်တိုင်းက ကျနော်တို့ရဲ့ အိမ်တွေကို အမှိုက်တစလေးလိုပဲ သယ်သိမ်းသွားတာလေ။ အရင်က ကျပန်းလုပ်ကိုင် စားသောက်တယ်ဆိုပေမယ့် အလုပ် လုပ်ရတာ လွယ်ကူတယ်။ ရှင်းရှင်းပြောရရင် ငွေရှာရတာ လွယ်တယ်လေ။ ခုများတော့ မလွယ်တော့ဘူး။ ဒါကြောင့် အလှူရှင်ကိုပဲ မျှော်ရတာပါ” ဟု ဇီးဖြူချောင်းကျေးရွာသားတဦးက ပြောသည်။

ရွာတရွာလျှင် အိမ်ခြေ (၁၀၀) မှ (၂၀၀) ၀န်းကျင်ရှိသော ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စုရှိ ရွာများတွင် နာဂစ်တိုက်ပြီးစဉ်ကာလက အလှူရှင်များပေးသော တာပေါ်လင် အမိုးနဲ့  ၀ါးထရံအကာ အိမ်များဖြင့် ပြီးခဲ့သည့် မိုးရာသီကာလကို ကျော်လွန် ဖြတ်သန်းခဲ့ကြရပြီးနောက် ယခုနှစ်အတွက် တတ်နိုင်သူများအနေဖြင့် ဓနိကို ပြောင်း၍ မိုးကြသော်လည်း မတတ်နိုင်သူများအနေဖြင့် တမိုးအသုံးပြုပြီးသော တာပေါ်လင် အမိုးအိမ်တို့ဖြင့်သာ ယခုနှစ် မိုးရာသီကို ကုန်လွန်ရတော့မည် ဖြစ်ကြောင်း ယင်းဒေသရှိ ရွာခံများက ပြောပြကြသည်။
read more “ဖျာပုံမြို့နယ်က နာဂစ်ဘေးသင့်သူများ တာပေါ်လင် အမိုးအိမ်ဖြင့်နေရဆဲ”

နာဂစ်နှစ်လည် မေးခွန်း

0 comments


(ဆောင်းပါး)
၃၀ ဧပြီ ၂၀၀၉ (New Era Journal)


မြစ်ဝကျွန်းပေါ်နေ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို နာဂစ်မုန်တိုင်း ဆွဲငင်ချေမွသွားခဲ့သည်မှာ တနှစ်ပြည့်တော့မည်။

၂၀၀၈ ခုနှစ် မေ (၂) တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်းတသိန်းခွဲနီးပါး သေဆုံးခဲ့ကြရပြီး လူဦးရေ (၂) သန်းကျော် အိုးအိမ်မဲ့ခဲ့ကြရသည်။

ဒေသခံလူထု၏ ပရိယေသန၀မ်းစာအတွက် အတူတွဲဖက်ရုန်းကန် ခဲ့ကြရသည့် ကျွဲနွားတိရိစ္ဆာန်များ သိန်းနှင့်ချီ ပျက်စီးခဲ့ကြရကာ လယ်ယာမြေဧကများစွာလည်း ဆားငန်ရေ လွှမ်းမိုးခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံကို နာဂစ်ဝင်ရောက်မွှေနှောက်သွားပြီဆိုသော သတင်းပေါ်ထွက်လာပြီး သိပ်မကြာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိလာကြသည်။

သို့သော် ၎င်းတို့အနေဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံတွင်သာ သောင်တင်နေခဲ့ကြရသည်။ ကူညီကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော အမေရိကန်စစ်သင်္ဘောများသည်လည်း နိုင်ငံတကာရေပိုင်နက်အတွင်းတွင်သာ စောင့်မျှော်နေခဲ့ကြရသည်။

နိုင်ငံတကာကို သံသယမျက်လုံးဖြင့်ကြည့်ကာ မိမိတို့ အာဏာတည်မြဲရေးကိုသာ အဓိကထားသည့် နအဖစစ်အစိုးရက ၎င်းတို့ကို ပြည်ဝင်ခွင့်မပေးခဲ့။

နအဖစစ်အစိုးရထုတ် သတင်းစာများကလည်း နာဂစ်ဒဏ်ခံလူထုအား ချောင်းကြားမြောင်းကြားမှ ငါးဖားနှင့် ကန်စွန်းရွက်၊ ကနဖော့တို့ကို စားခြင်းဖြင့် အသက်ရှင်နိုင်သည့် လူမျိုးများဖြစ်ကြောင်း၊ နိုင်ငံတကာအကူအညီရမှ အသက်ရှင်နိုင်မည့်လူများ မဟုတ်ကြောင်းဖြင့် ဒေသခံလူထုကို အနုနည်းဖြင့်သတ်မည့် ဆောင်းပါးများ ရေးသားဖော်ပြခဲ့ကြသည်။

နောက်ဆုံး မေလ (၂၂) ရက်တွင် ဥရောပပါလီမန်က နအဖအနေဖြင့် နိုင်ငံတကာအကူအညီပေးရေးများကို ဆက်လက် ဟန့်တားနေပါက မြန်မာစစ်ခေါင်းဆောင်များကို သည်ဟိတ်ဒ်မြို့ရှိ နိုင်ငံတကာရာဇ၀တ်ခုံရုံးတင်ရန် တောင်းဆိုရသည်အထိ ဖြစ်ခဲ့သည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လအတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ပြီးမှသာလျှင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။

နအဖစစ်အစိုးရကား နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကိုသာ အနှောင့်အယှက်ပေးသည်မဟုတ်။ ပြည်တွင်း လေဘေးကူညီရေးအဖွဲ့များထဲမှ လူ (၂၀) ကျော်ကိုလည်း ၂၀၀၈ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုအထဲမှ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အပါအ၀င် (၆) ဦးကို နိုဝင်ဘာလအတွင်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

နာဂစ်ကြောင့် ပြည်သူလူထု ဒုက္ခရောက်နေစဉ်မှာပင် နအဖစစ်အစိုးရက ၎င်းတို့ အာဏာတည်မြဲရေးကို အထောက်အကူဖြစ်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို မေ (၁၂) ရက်တွင် မပျက်မကွက် လုပ်ဆောင်ခဲ့ပြန်သည်။

တုံးအောက်က ဖားများ ဖြစ်နေရုံသာမက နာဂစ်သတင်းကြောင့် စိတ်ဓာတ်များ ချောက်ချားနေကြသော နိုင်ငံအ၀ှမ်းမှ လူထုကား ထိုဆန္ဒခံယူပွဲကို စိတ်မ၀င်စား။ သို့ဖြင့် နအဖစစ်အစိုးရက ၎င်းတို့အလိုကျရေးဆွဲထားသော ဖွဲ့စည်းပုံကို (၉၂.၄၈) ရာခိုင်နှုန်းထောက်ခံသည် ဆိုသော ရလဒ် ပေါ်ထွက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

နာဂစ်ဒဏ်ခံလူထုမှာမူ ယခုတိုင် သောက်သုံးရေပင် မဖူလုံသေးသည့် အခြေအနေကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အိုးအိမ်မဲ့နှင့် အလုပ်အကိုင်မဲ့သူ များစွာရှိနေဆဲ။

ပြည်တွင်းဂျာနယ်တခုက ကုလသမဂ္ဂလူသားချင်းဆိုင်ရာ (ရန်ကုန်) ယာယီတာဝန်ခံ ဒေးဗစ်အီဗန်ကို ကိုးကား ရေးသားထားသော သတင်းတပုဒ်တွင် ယခုအချိန်အထိ လုံခြုံစိတ်ချရသော နေအိမ်လိုအပ်နေသည့် အိမ်ထောင်စုပေါင်း (၁) သိန်း (၃) သောင်းကျော် ရှိနေဆဲဟုဆိုသည်။ လူဦးရေဖြင့်ဆိုလျှင် လူပေါင်း (၅) သိန်းခန့် ခိုလှုံရာ အိုးအိမ်မဲ့နေသည့် အခြေအနေဖြစ်သည်။

ထိုအခြေအနေများမှ လွန်မြောက်ရန် ပြန်လည်ထူထောင်ရေးကာလ (၃) နှစ်အထိ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းများကို လုပ်ဆောင်ရန် ကန်ဒေါ်လာသန်း (၇၀၀) နီးပါး အကူအညီလိုအပ်နေကြောင်း သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က ဖေဖော်ဝါရီ (၉) ရက် ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြော ကြားခဲ့ပြီး ဖြစ်သည်။

အကယ်စင်စစ်လည်း ထိုမျှလောက် အကူအညီပေးနိုင်ပါမှ ထိုဒေသ နာလန်ထမည်ဖြစ်သည်။

နာဂစ်ဒဏ်ထိ မြစ်ဝကျွန်းပေါ်ဒေသသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး များစွာနိမ့်ပါးနေသည်ကို နာဂစ်ဖြစ်ပြီးစ လေဘေးကူညီရေးအဖွဲ့များနှင့်အတူ သွားရောက်စဉ်က ကိုယ်တွေ့မျက်မြင်ကြားသိခဲ့ရသည်။

သတင်းအချက်အလက် ရယူရန် ရေဒီယိုတလုံးပင် မရှိသော အိမ်ထောင်စုများ အများသား။ ရှိသောသူများကလည်း ထမင်းနပ်မှန်ဖို့အရေး ကိုယ့်အလုပ်ကိုယ်လုပ်နေရတာနှင့် နားမထောင်အားဟု ပြန်ပြောင်းပြောဆိုကြသည်။

သို့နှင့် ဒေသခံ အတော်များများသည် နာဂစ်မုန်တိုင်းရှိနေကြောင်းကိုပင် မသိခဲ့ကြ။ သိခဲ့ကြသူအချို့ကြပြန် တော့လည်း လွတ်မြောက်ရာ ရပ်ဝန်းဆီသို့ လွယ်လင့်တကူသွားရောက် ခိုလှုံနိုင်မည့် လမ်းပန်းဆက်သွယ်ရေးနှင့် ယာဉ်ရထားတို့ မရှိ။ ထို့ကြောင့်ပင် နာဂစ်အတွင်း အသေအပျောက် အပျက်အစီး များခဲ့ရသည်။

လူထု ထိုကဲ့သို့ဖြစ်ရသည်မှာ စစ်အစိုးရကြောင့်ဟု ဆိုလျှင် မလွန်။ စစ်အစိုးရ၏ နှစ် (၄၀) ကျော် သက်တမ်း တလျှောက် ပညာရေး၊ ကျန်းမာရေးတို့အတွက် အသုံးစရိတ်က နည်းနေသည်။ ထိုကဲ့သို့ နည်းခဲ့သည့် အတွက်လည်း လူထုမှာ သတင်းအချက်အလက်ရယူရန် အသိပညာ၊ အတတ်ပညာ မဖူလုံခဲ့။ စီးပွားရေးလည်း ချွတ်ခြုံကျခဲ့ကြရသည်။

အမေရိကန်အောက်လွှတ်တော်တွင် ဧပြီ (၂၃) ရက်က ပြုလုပ်ခဲ့သော လူ့အခွင့်အရေးကော်မရှင် လူထုကြားနာပွဲ၌ လည်း စီးပွားရေးကျွမ်းကျင်သူများက ထိုအချက်ကို ထောက်ပြပြောဆိုခဲ့ကြသည်။

ထိုကြားနာပွဲတွင် မြန်မာ့စီးပွားရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေသော သြစတြေးလျနိုင်ငံ မစ်ကွာရီ တက္ကသိုလ် (Macquarie University) မှ စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင် တာနယ်လ် (Dr. Sean Turnell) က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြဿနာများသည် အင်မတန် စိုးရိမ်ဖွယ် ကောင်းနေကြောင်း၊ ပြဿနာများနှင့် ပတ်သက်ပြီး အုပ်ချုပ်သော အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိနေကြောင်း ပြောဆိုခဲ့သည်။

ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ (၁.၄) ရာခိုင်နှုန်းကိုသာ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများမှာ စစ်အစိုးရက သုံးစွဲခဲ့ကြောင်းကိုလည်း ထောက်ပြသည်။ အာရှဒေသအတွင်းတွင်လည်း ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်ထက် စစ်အသုံးစရိတ်ပိုနေတဲ့ တခုတည်းသော နိုင်ငံဖြစ်သည်ဟုလည်း ဆိုသည်။

ထိုကြောင့်လည်း နိုင်ငံအတွင်း လူထုပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကျဆင်းနေခဲ့ရကာ နာဂစ်ဘေးဒဏ် ကိုလည်း လည်စင်းခံခဲ့ကြရခြင်းဖြစ်သည်။

နာဂစ်မှာ သဘာဝဘေးအန္တရာယ်ဖြစ်သဖြင့် ရှောင်လွှဲ၍ မရနိုင်။ သို့သော် ဒေသခံလူထုကိုသာ အသိပညာ၊ အတတ်ပညာများ ပိုမိုဖြန့်ဝေပေးထားနိုင်ခဲ့လျှင်၊ လူထုစီးပွားပိုမိုဖွံ့ဖြိုးပြီး သတင်းအချက်အလက်ရယူရန် ပစ္စည်း (တီဗီ၊ ရေဒီယို၊ သတင်းစာ) များကိုသာ ပိုမိုသုံးစွဲနိုင်ခဲ့လျှင်၊ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းသွားလာနိုင်ရန် ယာဉ်ရထားနှင့် လမ်းပန်းဆက်သွယ်ရေးတို့ ကောင်းမွန်အောင် ဖန်တီးပေးခဲ့ပါလျှင် ယခုလောက် ပျက်စီးဆုံးရှုံးမှု များနိုင်ပါမည်လား ဆိုသည်ကို နှစ်ပေါင်းလေးဆယ်ကျော် အုပ်ချုပ်လာခဲ့သော စစ်အစိုးရကို နာဂစ်ကြောင့် ပျက်စီးခဲ့ရသူများကိုယ်စား မေးခွန်းထုတ်ရပါလိမ့်မည်။
read more “နာဂစ်နှစ်လည် မေးခွန်း”

နာဂစ်လေဘေးမှာ လူတွေအမြောက်အမြား သေဆုံးဖို့ သင့်ပါသလား (သတင်းသုံးသပ်ချက်)

0 comments

(သုံးသပ်ချက်ဆောင်းပါး) (New Era Journal)
၂၉ ဧပြီ ၂၀၀၉

လာမည့်မေလ (၂) ရက် ဆိုရင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း နာဂစ်လေမုန်တိုင်းဘေး ကြုံခဲ့ရတာ တနှစ်တင်းတင်း ပြည့်တော့မှာဖြစ်ပါတယ်။ လူပေါင်း (၁) သိန်း (၃) သောင်းကျော် သေဆုံးခဲ့ပြီး အိုးအိမ်အဆောက်အဦ ပစ္စည်းပေါင်း များစွာ ဆုံးရှုံးခဲ့ရတဲ့ ဒီကပ်ဘေးကြီး ဘာကြောင့်ဖြစ်ရတယ်။ ဘေးဒဏ်ခံ ပြည်သူတွေကို ကယ်ဆယ်မှုဟာ လုံလောက်မှု ရှိရဲ့လား။ ပြည်သူတွေ စားသောက် နေထိုင်မှုဘဝ အဆင်ပြေနေ ပြီလား၊ နောင် ဒီလို ကပ်ဘေးကြီးမျိုးကြုံလာရင် ဘယ်လိုရင်ဆိုင် ကြမလဲ စတာတွေဟာ သုံးသပ်ဖို့ ကောင်းတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်း တနှစ်ပြည့်ဖို့ နီးလာတာနဲ့အမျှ ပြည်တွင်းပြည်ပ မီဒီယာ အားလုံးလိုလိုလောက်ဟာ ဒီအကြောင်းကို ပြန်ပြောင်း ရေးသားနေတာ တွေ့ရပါတယ်။ အချို့က လေဘေးဒဏ်ခံ ပြည်သူတွေရဲ့ လက်ရှိအခြေအနေတွေကို ရေးသားဖော်ပြနေကြသလို အချို့ကတော့ သင်ခန်းစာယူစရာ ပြန်ပြောင်းသုံးသပ်တာတွေ လုပ်ကြပါတယ်။ ဒီအထဲမှာ နာဂစ်မုန်တိုင်းကာလတုန်းကရော၊ လက်ရှိအချိန်ထိပါ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ တာဝန်အရှိဆုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်လည်း ပါဝင်ပါတယ်။

သူကတော့ ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်းဘေးကာလက ပြည်သူတွေ ဘာကြောင့် ဒီလောက်များများ အသက်သေဆုံး ခဲ့ရသလဲဆိုတာကို ဂျာနယ်အင်တာဗျူးတွေကနေ တဆင့် ပြောလာပါတယ်။ သူက အချက် (၁ဝ) ချက်လောက် ထောက်ပြပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ရခိုင်ကမ်းရိုးတန်းနဲ့ စာရင် မြေနိမ့်တယ်။ လူဦးရေ ထူထပ်ပြီး လူနေစိပ်တယ်။ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အညွှန်းမြေပုံမရှိဘူး။ မြစ်လက်တက် မြစ်ဝတွေ များတယ်။ ခိုဖို့ သက်ကယ်ကုန်းတွေ မရှိဘူး။ ဒေသခံတွေမှာ အတိတ်က ဘေးအန္တရာယ် အတွေ့အကြုံ မရှိဘူး။ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိဘူး။ တနေရာနဲ့ တနေရာ ကူးပြောင်းသွားလာနိုင်တဲ့ သယ်ယူ ပို့ဆောင်ရေးစနစ် အလွန်ညံ့တယ်။ မြစ်ဝကျွန်းပေါ်ဒေသရဲ့ အောက်ခံကြမ်းပြင်ရေတိမ်ပြီး မြစ်ဝတွေ များမှု၊ လမုတောတွေ ပြုန်းတီးမှု စတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

ဒေါက်တာထွန်းလွင် ထောက်ပြတဲ့ အချက်တွေအားလုံး မှန်ပါတယ်။ သူထောက်ပြတဲ့ဆီမှာ ဧရာဝတီတိုင်းရဲ့ သဘာဝအနေအထား၊ စီးပွားရေးအနေအထား၊ ပြည်သူတွေရဲ့ အတွေ့အကြုံ မရှိမှုနဲ့ ဗဟုသုတ နည်းပါးမှုကြောင့် ဆိုတာတွေ ပါပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်ဖြစ်တဲ့ ဒေသတခုအတွက်၊ ပြည်သူတွေအတွက် အစိုးရရဲ့ တာဝန်ရှိမှု အပိုင်းကတော့ လုံးဝပါဝင်တာ မတွေ့ရပါဘူး။

တကယ့် တကယ်မှာတော့ တိုင်းပြည်တပြည်မှာ ပြည်သူတွေဆိုတာက အုပ်ချုပ်ခံသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ပြည်သူတွေဟာ စစ်အစိုးရက စီမံခန့်ခွဲသမျှ ခံကြရပါ တယ်။ ဘာမှ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မုန်တိုင်းနဲ့ ပတ်သက်လို့ ပြည်သူတွေ ဗဟုသုတ မရှိဘူးဆိုတာကလည်း ရှင်းရှင်းပြောရရင် အစိုးရက ပညာပေးတာ မရှိလို့ပါဘဲ။ နောက်တခုကတော့ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့် ကိုယ်တိုင်ကရော ဗဟုသုတ ရှိပါရဲ့လားလို့ မေးစရာ ရှိလာပါတယ်။ ဒီနေရာမှာ အုပ်ချုပ်သူတွေရဲ့ အရည်အချင်းရှိမှု၊ အရည်အချင်းမဲ့မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ဒီအတွက် မုန်တိုင်း မတိုင်မီနဲ့ မုန်တိုင်းကာလတုန်းက စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ဟာ ပြည်သူတွေကို ဘယ်လို ဦးဆောင်မှုပေးခဲ့သလဲဆိုတာ မေးရမယ့် မေးခွန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း မတိုင်မီနဲ့ ဖြစ်ပွားနေတဲ့ကာလမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနဟာ သူ့တာဝန်ဖြစ်တဲ့ မိုးလေဝသ သတင်းတွေကို ပုံမှန် ထုတ်ပြန်ပေးခဲ့ပါတယ်။ တကယ်ဆိုရင်တော့ ဒီသတင်းတွေရဲ့ အရေးပါမှု အခြေအနေကို လိုက်ပြီး ထိပ်ပိုင်း စစ်အာဏာပိုင်တွေကနေ အောက်ခြေအဆင့်ဆင့် ကို ညွှန်ကြား လမ်းညွှန်ချက်ပေးပြီး ပြည်သူတွေ အခြေအနေ မဆိုးအောင် အသေအပျောက်နည်းအောင် ဦးဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းဘေးတနေရာမှာ လူတယောက် နိုင်ငံရေးဝါဒဖြန့် စာရွက်ဝေနေတာနဲ့ မိနစ်ပိုင်းအတွင်း ဖမ်းဆီးနိုင်ဖို့ အမြဲအဆင်သင့်ရှိနေတဲ့ စစ်အာဏာပိုင်တွေဟာ ဒီလို တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အခြေအနေအတွက်ကို တော့ ဘာအသိဉာဏ် ဗဟုသုတမှ မရှိသလို ဘယ်လို အစီအစဉ်တွေနဲ့မှ အကာအကွယ် ပေးနိုင်ခဲ့တာ မတွေ့ရပါဘူး။

တကယ် အရည်အချင်းရှိတဲ့ အစိုးရအဖွဲ့ တရပ်သာဆိုရင် မိုးလေဝသ သတင်းတွေ ထွက်လာပြီဆိုကတည်းက ထိပ်ဆုံးအာဏာပိုင်တွေဟာ ပညာရှင်တွေရဲ့ သဘောထားကို တောင်းခံပြီး အတိုင်းအဆကို ခန့်မှန်းတွက်ချက်မယ်၊ အောက်ခြေ တိုင်း၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ အာဏာပိုင်အဆင့်ဆင့်ကို ဘာတွေလုပ်ရမလဲဆိုတာ အချိန်နဲ့ တပြေးညီ ညွှန်ကြားမယ်၊ အောက်ခြေအာဏာပိုင်တွေကလည်း ညွှန်ကြားချက်အတိုင်း ပြည်သူတွေ ဘေးလွတ်ရာ ရောက်ဖို့ လှုံ့ဆော်မယ်၊ ဦးဆောင်မယ် စသဖြင့် အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ မြန်မာနိုင်ငံမှာတော့ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ဟာ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ ပတ်သက်ပြီး ညွှန်ကြား လမ်းညွှန်ဖို့ ဘာဗဟုသုတ၊ ဘာအရည်အချင်းမှ မရှိခဲ့တဲ့အတွက် ဘယ်လို အစီအမံမျိုးမှ ချမှတ်တာ မလုပ်နိုင်ခဲ့ပါဘူး။

အဲဒီအချိန်တုန်းက ဦးထွန်းလွင်ဟာ တဖက်မှာ မိုးလေဝသ သတင်းထုတ်ပြန်မှု လုပ်သလို အခြားတဖက်မှာတော့ ဟိုင်းကြီးကျွန်းရေတပ်စခန်းဌာနချုပ်က ဌာနချုပ်မှူးနဲ့ နာရီဝက်တခါ ဆက်သွယ် သတင်းပေးတာမျိုး လုပ်ခဲ့ကြောင်း နောက်ပိုင်း သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ များပြားလှတဲ့ ပြည်သူလူထုကြီးရဲ့ အသက်အိုးအိမ် ကိစ္စထက် စစ်တပ်တခုရဲ့ အရေးကို ပိုပြီး ဦးစားပေးဆောင်ရွက်ခဲ့တယ်ဆိုတာ သူ့ပြောစကားတွေ အရကိုပဲ သိနိုင်ပါတယ်။ ဒီအတွက်လည်း ပြည်သူတွေ သိန်းနဲ့ချီ သေဆုံး၊ မိသားစုပေါင်း မြောက်မြားစွာ အိုးအိမ်ပစ္စည်း ဥစ္စာတွေ ဆုံးရှုံးသွားပြီး နောက်ပိုင်းမှာ စစ်အစိုးရဟာ ဦးထွန်းလွင်ကို ရာထူးတိုးပေးခဲ့တဲ့အပြင် ဒေါက်တာထွန်းလွင်ပါ ဖြစ်လာခဲ့ပါတယ်။ စစ်တပ်အပေါ် တာဝန်ကျေခဲ့တဲ့ ဝန်ထမ်းကောင်းကို ချီးမြှောက်ခဲ့တဲ့ သဘော ဖြစ်ပါတယ်။

တကယ်ဆိုရင် မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းဘက်ကို အစောဆုံး ဝင်တာ ဖြစ်ပါတယ်။ အဲဒီက အခြေအနေ တခုလုံးကိုလည်း မိုးလေဝသဌာနကရော စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်တွေကပါ ကောင်းကောင်းကြီး သိနေကြပါတယ်။ ဒီအခြေအနေ ရောက်တဲ့တိုင် ကျန် နောက်နာရီတချို့ ကြာပြီးမှ မုန်တိုင်းဖြတ်မဲ့ ဒေသက ပြည်သူတွေ သက်သာရာရအောင် ဘာတခုမှ လုပ်ပေးနိုင်တာ မတွေ့ရပါဘူး။ ဒါက ဘာကို ပြသလဲဆိုရင် မြန်မာစစ်အစိုးရဟာ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ဖို့ စွမ်းအား ထက်မြက်သလောက် ပြည်သူတွေကို ကယ်ဆယ်ဖို့ ကျတော့ ဗဟုသုတရော၊ အရည်အချင်းရော စေတနာပါ လုံးဝ မရှိတာ တွေ့ကြရမယ် ဖြစ်ပါတယ်။

ဦးထွန်းလွင် ပြောတဲ့အထဲပါတဲ့ နောက်အချက်တခုကတော့ ဧရာဝတီတိုင်းရဲ့ လမ်းပန်းဆက်သွယ်ရေး အလွန်ဆိုးရွားနေတဲ့ ကိစ္စပါ။ တကယ်လည်း ဟုတ်ပါတယ်။ ဧရာဝတီတိုင်းအတွင်းက ကျေးရွာတချို့ဆိုရင် ကုန်းလမ်းနဲ့လည်း ဘယ်လိုမှ သွားလို့မရ၊ ရေလမ်းနဲ့ သွားဖို့တောင် ရေတက်ချိန်စောင့်ပြီးမှ သွားလို့ရတဲ့ နေရာတွေ ဒီနေ့အထိ အများကြီး ရှိနေပါသေးတယ်။ တကယ်တော့ ဒါဟာ အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ခုနောက်ပိုင်းနှစ်တွေမှာ သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ဝင်ငွေနဲ့ နေပြည်တော်မှာ အဆောက်အဦကြီးတွေ ဟည်းနေအောင်ဆောက်၊ ရေပန်းဥယျာဉ်တွေတည်၊ ကွန်ကရစ်လမ်းတွေ ငွေကုန်ကြေးကျများစွာခံပြီး ခင်းနေပေမယ့် ဧရာဝတီတိုင်းလို လူဦးရေ ထူထပ်များပြားတဲ့ ဒေသအတွက် အရေးကြီးတဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စကိုတော့ ဘာတခုမှ ထည့်သွင်းအကောင်အထည်ဖော်တာ မရှိခဲ့ပါဘူး။ ခု နာဂစ်ဘေးဒဏ်ခံရပြီး လူတွေ သိန်းချီ သေဆုံးရပြီးမှ လမ်းတွေ ပြီးစလွယ် ဖောက်နေတာ တွေ့ကြရပါတော့တယ်။

ဦးထွန်းလွင်ပြောတဲ့ နောက်ဆုံးအချက်တခုကတော့ ဧရာဝတီတိုင်းအတွင်းမှာ ဒီရေတောတွေ ပြုန်းတီးနေတဲ့ ကိစ္စပါ။ ဒီပြဿနာကရော ဘယ်သူတွေမှာ အဓိက တာဝန်ရှိပါသလဲ။ စစ်အစိုးရ အလိုတော်ရိတွေကတော့ ဒေသခံပြည်သူတွေ အသိဉာဏ်နည်းပြီး ထင်းအဖြစ် ခုတ်ယူသုံးစွဲကြတာကြောင့် ဒီအခြေအနေ ရောက်ရတာပါလို့ ပြောကြမယ် ဖြစ်ပါတယ်။ တကယ်ကတော့ အစိုးရတရပ်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိဉာဏ် ဗဟုသုတ ကင်းမဲ့တာ၊ ဒီရေတောကို ပြည်သူတွေ မခုတ်ဘဲ အခြားနည်းနဲ့ လောင်စာ သုံးစွဲနိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာ စတဲ့ ပြဿနာတွေကြောင့်သာ ဖြစ်ပါတယ်။

တကယ်လို့သာ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်လို့ သံန္နိဋ္ဌာန်ချထားတဲ့ အရည်အချင်းရှိအစိုးရ တရပ်သာ ရှိခဲ့မယ်ဆိုရင် ပြည်သူတွေ ခုလို သိန်းနဲ့ချီ အသေအပျောက် ရှိနိုင်မှာ မဟုတ်ပါဘူး။
(ဆက်လက် ဖော်ပြသွားပါမည်။)
read more “နာဂစ်လေဘေးမှာ လူတွေအမြောက်အမြား သေဆုံးဖို့ သင့်ပါသလား (သတင်းသုံးသပ်ချက်)”

နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများရှိ ကလေးများ၏ ပညာရေး မျှော်လင့်ချက် ကင်းမဲ့နေဆဲ

0 comments
နန်းဒေဝီ
ကြာသပတေးနေ့၊ ဧပြီလ 30 2009 23:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ သူ့ရွာရှိကျောင်းမှာ ယခုထိ ပြင်ဆင်ခြင်း မပြုရသေးသဖြင့် သူ့ပညာရေးခရီး ရှေ့ဆက်နိုင်ရန် အတွက် ရွာမှခွါကာ ယမန်နှစ် မေလ ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်စဉ်က လွတ်သွားခဲ့သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၏ မြို့ တော် ပုသိမ်သို့ ထွက်လာခဲ့ရသည်။

ဆိုင်ကလုံးနာဂစ် တိုက်ခတ်ခဲ့သည်မှာ တနှစ်ရှိပြီဖြစ်သည့်တိုင် သူ့ကျောင်းမှာ ယခုထိ ပြင်ဆင်ခြင်း မပြုရသေးသဖြင့် အသက် ၁၇ နှစ်အရွယ် ၁ဝ တန်းကျောင်းသား မောင်အောင်မြတ်ကျော်ကို ဆားလုပ်ငန်းရှင် တဦးဖြစ်သော သူ့ဖခင် က ကျောင်းအိပ်ကျောင်းစား ထားပေးခဲ့သည်ဟု ဆိုသည်။

“ကျနော်က ၉ တန်းကို ပြင်ခရိုင်ကျောင်းက အောင်တာ။ ဒါပေမဲ့ ကျနော်တို့ရွာက အထက်တန်းကျောင်းက ခုထိ ပြန်မဆောက်ရသေးလို့ အဖေက ကျနော့်ကို ပုသိမ်ပို့လိုက်တာ” ဟု အဆိုပါ ကျောင်းသားလေးက ပြောသည်။

သူ့အဖေက သူ့ကို ပုသိမ်ပို့၍ ကျောင်းတက်ခိုင်းသဖြင့် ကံကောင်းသော်လည်း သူ့သူငယ်ချင်းများမှာမူ ရွာရှိကျောင်းတွင် ပင်မနက်ညနေ ၂ သုတ်ခွဲ၍ တက်နေကြရသည်။ ပျက်စီးနေသော သူတို့ကျောင်းက ကျောင်းသားအားလုံးကို တပြိုင်ထဲ စာသင်ကြားရန် နေရာမပေးနိုင်သဖြင့် ဤသို့ တက်နေကြရခြင်း ဖြစ်သည်။

ယမန်နှစ် မေလ ၂ ရက်နေ့က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့နယ်ရှိ သူတို့ရွာကို နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ရာ သူတို့ကျောင်းနှင့် အိမ်အများအပြားကို မုန်တိုင်းက ဖျက်ဆီးပစ်ခဲ့သည်။ သို့သော် မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရသည့် သူ့ကျောင်းသည် အခြား အလားတူ ပျက်စီးသွားခဲ့ရသည့် ကျောင်းပေါင်း ၄ဝဝဝ ကျော် အနက်မှ တခုသာဖြစ်ကြောင်း သူသိပ်မသိခဲ့ပါ။

သို့သော် တနှစ်ကြာသည်အထိ သူတို့ကျောင်းမှာ ပြင်ဆင်ရခြင်း မရှိသေးဘဲ၊ ဆရာများ ကျောင်းသားများမှာ ဤပျက်စီးနေသော ကျောင်းတွင်ပင် ၂ သုတ်ခွဲ၍တက်ကာ ပညာဆက်လက် သင်ကြားနေကြရသည်။

“ဒေသခံ အာဏာပိုင်တွေကို အကြောင်းကြားတော့လည်း ကျောင်းကို ပြင်ပေးမဲ့လူ မရှိဘူး။ ပညာရေး ဝန်ကြီးဌာနကို အကြောင်းကြားဘို့ဘဲ ပြောတယ်။ ဒါပေမဲ့ ဘာမှမလုပ်ဘူး” ဟု ပြင်ခရိုင် အထက်တန်းကျောင်းမှ ဒေသခံ ဆရာတဦးက ပြောသည်။

လပွတ္တာမြို့မှ မော်တော်ဖြင့် ၇ နာရီခရီးရှိသော ပြင်ခရိုင်ကျေးရွာတွင် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းဟူ၍ ကျောင်း ၃ ကျောင်းရှိပြီး၊ ကျောင်းသားကျောင်းသူ ၁၅ဝဝ ခန့် ပညာသင်ကြားနေကြသည်။ ကျောင်းတွင် ဆရာ ဆရာမ ၅၂ ဦးရှိပြီး၊ အခြားကျောင်းဝန်ထမ်း ၆၂ ဦးရှိသည်။

အကူအညီပေးရေး အေဂျင်စီများ၏ အဆိုအရ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄ဝဝဝဝ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရပြီး၊ လူပေါင်း ၂.၄ သန်း မုန်တိုင်းဒဏ်ခံခဲ့ရသည်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ကျောင်းသား ကျောင်းသူ ၁ သန်းခန့် နေစရာကျောင်းမရှိဘဲ ဖြစ်သွားခဲ့သည်။

နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) နှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အခြားလူသားချင်း စာနာကူညီသည့် အေဂျင်စီများက ကလေးများအတွက် ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ ယာယီကျောင်းခန်းများ ဆောက်လုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လုပ်ကိုင်ပေးခဲ့ကြသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) မှ ဒေသခန့် ဝန်ထမ်းတဦးက ပြောသည်။ ကျောင်းအများအပြားမှာ ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိသေးဘဲ ရှိနေဆဲ ဖြစ်သည်။

မုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း ၂ဝဝ ကျော် ပျက်စီးခဲ့ရသော ဒေးဒရဲမြို့နယ်တွင် သူတို့ အေဂျင်စီက ကျောင်း ပေါင်း ၂၈ ကျောင်းကို ကူညီ ဆောက်လုပ်ပေးခဲ့ကြောင်းဖြင့် UNICEF ပညာရေး ကျွမ်းကျင်သူ ဦးဝင်းအောင်က ပြောသည်။

“ပြင်ဘို့လိုနေတာက ကျောင်းတွေအများကြီးဘဲ။ ဒီနှစ်ထဲမှာတောင် ကျောင်းတွေ ပြန်ဆောက်တာ ပြီးမယ်လို့ ကျနော် တော့မထင်ဘူး” ဟု ဦးဝင်းအောင်ကပြောသည်။

ကျောင်းများကို ပြန်ဆောက်နိုင်လျှင်ပင် အရွယ်အစား သေးငယ်သွားသဖြင့် ကျောင်းသားများမှာ နှစ်သုတ်ခွဲ၍ တက်နေကြရသည်ဟု သူကဆိုသည်။

UNICEF အနေဖြင့် ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ကွမ်းခြံကုန်း နှင့် ကော့မှူးမြို့နယ်တို့တွင် ယာယီတဲပေါင်း ၂ဝဝ ခန့်၊ မိုးရေကာဖျင်တဲပေါင်း ၇ဝဝ ခန့်ကို ပြန်လည်ကူညီ တည်ဆောက်ပေးခဲ့သည်ဟု ဆိုသည်။

“ဒါပေမဲ့ ဒီတဲတွေက လာမဲ့ မိုးတွင်းမှာ ခံနိုင်မယ် မဟုတ်ဘူး၊ ကျနော်တို့က ယာယီအနေနဲ့ဘဲ ဆောက်ထားခဲ့တာကိုး” ဟု ဦးဝင်းအောင်က ပြောသည်။

UNICEF ကဲ့သို့ပင် အခြား INGO များဖြစ်ကြသော Oxfam ကဲ့သို့အဖွဲ့များကလည်း မုန်တိုင်းဒဏ်ခံ ဒေသရှိ ကလေးများ ပညာဆက်လက် သင်ကြားနိုင်ရန် ကျောင်းသုံး စာအုပ်စာတန်းများ ပေးအပ် ကူညီခဲ့သည်။

Oxfam အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Claire Light က လပွတ္တာ၊ ငပုတော၊ မော်လမြိုင်ကျွန်း စသည့် မြို့နယ် အများအပြားရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၁ဝ၇ ကျောင်းသို့ ကျောင်းသုံး စာအုပ်စာတန်းများ သူတို့ ပေးပို့ ထောက်ပံ့နိုင်ခဲ့သည်ဟု ပြောသည်။

“ပညာရေး အထောက်အပံ့တွေကို ကျနော်တို့ ဆက်ပေးသွားဘို့ လိုတယ်။ အထိရောက်ဆုံးနည်းနဲ့ လုပ်နိုင်သလောက် ဆက်လုပ်သွားရမယ်” ဟု Light က ပြောသည်။

UNICEF အဖွဲ့အနေဖြင့် ၂ဝဝ၉ ခုနှစ်အတွက် အခြားကဏ္ဍများတွင် ဆက်လက် လုပ်ကိုင်နေမည်ဖြစ်သလို ရန်ကုန်တိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ နေရာ ၃ နေရာကို သတ်မှတ်ပြီး ကလေးများ စာသင်ခန်းထဲ ပြန်ရောက်ရေး ကိစ္စကို အဓိက အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ဦးဝင်းအောင်က ပြောသည်။

“အဓိက က ဘဏ္ဍာရေး အခက်အခဲကြောင့်ရယ်၊ တခြား အန်ဂျီအိုတွေကလည်း တခြားနေရာတွေမှာ လုပ်နေကြတာ ရယ်ကြောင့် ကျနော်တို့က ကျနော်တို့အတွက် ဦးစားပေးနေရာ သတ်မှတ်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

ဤသို့ နိုင်ငံတကာ အန်ဂျီအိုများ၊ အန်ဂျီအိုများ၊ ကုလအေဂျင်စီများ ဝိုင်းဝန်းကြိုးပန်း လုပ်ဆောင်နေကြသော်လည်း မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျောင်းများအားလုံးကို ၂ဝဝ၉ ခုနှစ် စာသင်နှစ် အကုန်တွင် အပြီး တည်ဆောက်သွားရန်မှာ မဖြစ်နိုင်ကြောင်းဖြင့် မုန်တိုင်းဒဏ်ခံ ဒေသများသို့ မကြာခဏ သွားရောက်လေ့ရှိသူ ဒေသခံ အကူအညီပေးရေး လုပ်သားတဦးက ပြောပါသည်။

ကျောင်းအများအပြားမှာ လုံးလုံး ပျက်စီးသွားပြီး၊ အခြား ကျောင်း အတော်များများမှာ အမိုးများ လေထဲလွင့်ပါသွားခြင်း၊ နံရံများ ပြိုလဲပျက်စီးခြင်းစသည့် တစိတ်တပိုင်း ပျက်စီးမှုများကို ခံခဲ့ကြရသည်။

ပြင်ခရိုင်ကျေးရွာတွင် အနည်းဆုံးကလေး ၂ဝဝ မုန်တိုင်းတွင်း သေဆုံးခဲ့ပြီး၊ ကလေး ၄ဝ ခန့်မှာ မိဘများ ဆုံးရှုံးသွားခဲ့ရသည်။

မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသူ ကလေး အများအပြားမှာ ရွာမှထွက်ခွါ၍ ဆွေမျိုးသားချင်းများရှိရာ သဲချောင်း၊ ကန်ဆိပ်၊ စက်ဆိပ်စသည့်ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

သူ့မိသားစုအတွင်း တယောက်မှ မသေခဲ့သော်လည်း ဆားလုပ်ငန်းမှ ပစ္စည်းများလေနှင့်အတူ လွင့်ပါဆုံးရှုံးခဲ့ရသဖြင့် သူ့ဖခင်မှာ အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရကြောင်း သူကပြောသည်။

“ကျနော့်လုပ်ငန်းက အကုန် ဆုံးရှုံးသွားတာဘဲဗျာ၊ မုန်တိုင်းပြီးတော့ စားဘို့တောင် ဘာမှ မရှိတော့သလောက်ဘဲ” ဟု မောင်အောင်ကောင်းမြတ်ကျော်၏ ဖခင်ကပြောသည်။

အစိုရထံမှချေးငွေယူကာ သူ့လုပ်ငန်းကို ပြန်လည် စတင်နိုင်သဖြင့် သူ့အနေဖြင့် ကံကောင်းကြောင်း၊ သို့သော် ဤကြွေး အတွက် ၁၅% တိုးဖြင့် ပြန်လည် ပေးဆပ်ရဦးမည် ဖြစ်ကြောင်း သူကပြောသည်။

“ကျနော်ဒီအတွက် မညည်းပါဘူး၊ ကျနော့်လုပ်ငန်းကို ပြန်စဘို့ဆိုတဲ့ မျှော်လင့်ချက်တခုထဲဘဲ ကျနော့်မှာရှိတာ” ဟု သူက ဆိုသည်။

ဖခင်ဖြစ်သူက လုပ်ငန်းပြန်စနိုင်သဖြင့် မောင်အောင်ကောင်းမြတ်ကျော်နှင့် သူ့နှမဖြစ်သူတို့မှာ ပုသိမ်တွင် ပညာကောင်းကောင်း သင်နိုင်သဖြင့် ကံကောင်းကြသော်လည်း၊ ကလေးအတော်များများ၊ အထူးသဖြင့် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသူများမှာ သူတို့လို ကံမကောင်းရှာကြပါ။

“ကျနော်တို့ကတော့ ကလေးတွေ ကျောင်းပြန်တက်နိုင်အောင် အတတ်နိုင်ဆုံးလုပ်မှာဘဲ။ အနိမ့်ဆုံး မူလတန်းပညာ ရေးလောက်ရဘို့ဆိုတာ သူတို့အတွက် အရေးကြီးတယ်” ဟု UNICEF မှ ဦးဝင်းအောင်က ပြောသည်။

ကလေးများ ကျောင်းမြဲရေးဆိုသည့် ကိစ္စမှာ သူတို့နှင့် အခြား အန်ဂျီအို အများအပြားအတွက် စိန်ခေါ်မှုကြီးတရပ် ဖြစ်နေကြောင်း၊ အကြောင်းမှာ သူတို့ပညာရေး၏ အသက်သွေးကြောမှာ မိဘများ၏ စီးပွါးရေး အခြေအနေပေါ်တွင် များစွာ မူတည်နေ၍ ဖြစ်ကြောင်းလည်း သူကပြောသည်။

“စီးပွါးရေးအရ ခိုင်ခိုင်မာမာ မရှိဘူးဆိုရင် ကလေးတွေ ကျောင်းမှာ မြဲဘို့ဆိုတာလဲ အတော်ခက်တယ်” ဟု သူက ဆက်လက် ပြောဆိုသည်။
read more “နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများရှိ ကလေးများ၏ ပညာရေး မျှော်လင့်ချက် ကင်းမဲ့နေဆဲ”

လွတ်လပ်စွာ ရေးသားခွင့်အပေါ် ငါးလုပ်ငန်းက ပိတ်ပင်

0 comments
မျိုးသိဏ်း
ကြာသပတေးနေ့၊ ဧပြီလ 30 2009 15:06 - မြန်မာစံတော်ချိန်

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တွင်းထုတ် စာနယ်ဇင်းများတွင် ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်သော ရေထွက်ပစ္စည်း တင်ပို့မှု ကိန်းဂဏန်းများကို အတည်ပြုချက် မယူဘဲ ဖော်ပြခြင်းကို ပိတ်ပင်တားမြစ်မှုများ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြုလုပ်လာသည်။
အပတ်စဉ်ထုတ် ဂျာနယ်တခုတွင် ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှု လျာထားချက်ထက် တင်ပို့နိုင်မှုပမာဏ အလွန်အမင်း လျော့နည်းနေကြောင်း ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ဖော်ပြ ရေးသားခဲ့ပြီးနောက် မှားယွင်းသည်ဟု ဆိုကာ ငါးလုပ်ငန်းဦးစီးဌာနက သတင်း အချက်အလက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးထားသည်ကို ပိတ်ပင်ခြင်း ဖြစ်သည်။

မကြာသေးခင်က ကျင်းပသည့် ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေး တခုတွင် မီဒီယာများကို တက်ရောက်ခွင့်ပြုပြီး အစည်းအဝေးအတွင်း ပြောကြားချက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးခဲ့ရာမှ ယခုအခါတွင် မိမိတို့၏ ထောက်ခံချက်ရမှ သတင်းထည့်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန F.I.Q.C ဌာနခွဲအရာရှိက ပြောဆိုခဲ့သည်ဟု စုံစမ်းသိရှိရခြင်းလည်း ဖြစ်သည်။

စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော စာပေစိစစ်ရေးဌာနကိုလည်း အကြောင်းကြားထားပြီဟု သူက ပြည်တွင်း စာနယ်ဇင်းများသို့ ပြောခဲ့သည်ဟု သိရသည်။

အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးတွင် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို အင်္ဂါနေ့တိုင်း ပြုလုပ်လေ့ရှိရာ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အောက်ရှိ အသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်လေ့ရှိပြီး မွေး/ရေ ဝန်ကြီး တက်ရောက်သည့် အကြိမ်များပင် ရှိခဲ့သည်။

ယခုလို ကန့်သတ်ရခြင်းမှာ အချက်အလက်များ မှားယွင်းခြင်းကြောင့်ဟု အာဏာပိုင်များက ပြောခဲ့သော်လည်း အဓိက အကြောင်းအရင်းမှာ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ် တနှစ်လုံးစာ အချက်အလက်များကို ပြည်တွင်း ဂျာနယ်တခုက ထုတ်ဖော်ရေးသားခဲ့ရာတွင် လျာထားချက် ပမာဏထက် လျော့နည်းကြောင်းနှင့် ယခင်နှစ် ပို့ကုန်ရငွေထက် လျော့နည်းကြောင်း ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“အချက်အလက်တွေကို နေပြည်တော်ကို မပို့ရသေးခင် ရေးလိုက်တာကြောင့်ပါ။ ငါးလုပ်ငန်းမှာက အပတ်စဉ်၊ လစဉ် ပြည်ပတင်ပို့တဲ့ ပမာဏ ကိန်းဂဏန်းတွေကို ပြောတယ်။ အဲဒါတွေကို ရေးလို့ရပေမယ့် တနှစ်လုံးစာ ခြုံပြီး သုံးသပ်တာတို့၊ ရေးသားတာတို့ကို ခွင့်မပြုဘူး။ အရင် ဒီဌာနကို ဝင်နေကျ သတင်းထောက်တွေက သိကြတယ်။ အခုကိစ္စမှာ အဲ့ဒီဂျာနယ်လစ်ကို ခေါ်တယ်၊ စာပေစိစစ်ရေးကိုလည်း တိုင်တယ်လို့ ကြားတယ်“ ဟု သူက မဇ္ဈိမကို ပြောသည်။

ဘဏ္ဍာရေး နှစ်အလိုက် တင်ပို့မှုနှင့် နိုင်ငံခြားငွေ ရရှိမှုများကို အထက်သို့ အစီအရင်ခံရာတွင် အတိုးအလျှော့များ ပြုလုပ်လေ့ရှိသည်ဟု ငါးလုပ်ငန်းရှိ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။

ကိန်းဂဏန်း အချက်အလက်များကို အထက်လူကြီးများ ဝေဖန်ပြစ်တင်ခြင်း မခံရစေရန် ဌာနများနှင့် အသင်းများ ညှိနှိုင်း၍ အလျှော့အတိုးလုပ်ပြီးမှ တင်ပြခြင်းဖြစ်သည်ဟု ဆိုသည်။

”ဒီနှစ်အတွက် သန်း ၈၅ဝ မှန်းထားတာ လျာထားချက်ရဲ့ ၅၆ ရာခိုင်နှုန်းလောက်ပဲ တင်ပို့နိုင်ခဲ့တယ်။ ငါးလုပ်ငန်းမှာက Positive View ကပဲ ရေးစေချင်တယ်။ ဒါကို ထောက်ပြီး ရေးလိုက်သလို ဖြစ်သွားတာကြောင့်ပါ။ အခုတော့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေ မပါဘဲ သတင်းရေးရမယ့် အနေအထားပဲ” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ပြည်ပပို့ကုန်မှ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်မှုတွင် စတုတ္ထနေရာတွင် ရပ်တည်နေသော ရေထွက်ပစ္စည်း တင်ပို့မှု ကဏ္ဍမှ ၂ဝဝ၈-၂ဝဝ၉ တွင် အမေရိကန်ဒေါ်လာ သန်း ၈၅ဝ ရရှိရန် လျာထားသည်။ နာဂစ်နှောင်းပိုင်း ကာလအထိ အပြင်းအထန် ထိခိုက်ခြင်း မရှိသေးသော ရေထွက်ပစ္စည်း Exports လုပ်ငန်းများသည် ရေလုပ်ငန်းများ ပြန်လည်၍ ဦးမော့လာစ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဂယက်တွင် ဆိုးဝါးစွာ ထိခိုက်နစ်နာခဲ့သည်။

ထို့ကြောင့် ၂ဝဝ၉ ခုနှစ် နှစ်ဦးပိုင်းတွင် မူလလျာထားချက် ဒေါ်လာသန်း ၈၅ဝ မှ ဖြစ်နိုင်ခြေရှိသော ဒေါ်လာ သန်း ၅ဝဝ ရရှိရေးသို့ ပြောင်းလဲလျာထား သတ်မှတ်ခဲ့သည်။ သို့သော် ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် ၄၈၃ ဒဿမ ဝ၈၂ သန်းသာ တင်ပို့နိုင်ခဲ့သည်ကို တွေ့ရသည်။
read more “လွတ်လပ်စွာ ရေးသားခွင့်အပေါ် ငါးလုပ်ငန်းက ပိတ်ပင်”

နာဂစ်သင့်ဒေသ ကျောင်းများ ဆောက်လုပ်ရေး သဘောကွဲလွဲ

0 comments
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 20:04 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ကလုံး နာဂစ်ဒဏ်သင့် ဒေသများတွင် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ခွင့် ပြုရေးအပေါ် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အမှတ် ၁ အခြေခံပညာဦးစီးဌာန အရာရှိများအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လျက် ရှိသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြန်လည် ထူထောင်ရေးအတွက် ကွပ်ကွဲရေးဝန်ကြီးများက ကုမ္ပဏီ ၄ဝ ကို စာသင်ကျောင်းပေါင်း ၆၈ဝ ကို ပြန်လည် တည်ဆောက်ခွင့် ခွဲတမ်း သတ်မှတ်ပေးထားသည့်အပေါ် အခြေခံပညာ အရာရှိများက လက်မခံဘဲ ခွဲတမ်းအသစ် ပြန်လည် ချထားမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ရန် ကုမ္ပဏီများနှင့် သဘောတူလက်မှတ် မရေးထိုးနိုင်သေးဘဲ ရှိနေသည်။

”အခြေခံပညာ ဦးစီးဌာနက ကျောင်းဆောက်လုပ်ရေးတွေမှာ သူတို့ဘာသာ စီမံခန့်ခွဲမှု လုပ်ချင်တယ်။ ဒါကြောင့် နာဂစ် ဝန်ကြီးတွေဆီက လာတဲ့ စာရင်းကို သူတို့ စိတ်ကြိုက် ပြန်ပြင်ကြတယ်” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။

စုစုပေါင်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၂ဝဝဝ ကျော်ရှိ စာသင်ကျောင်းများ ဆောက်လုပ်ခွင့် ရရေးအတွက် လုပ်ငန်းရှင်များက သက်ဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးမှုများ ရှိနေသည်ဟု အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၈၄၅၃၇ ဦး သေဆုံးပြီး၊ ပျောက်ဆုံးသူ ၅၃၈၃၆ ဦး ရှိခဲ့သည်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော မြို့နယ် ၃ဝ တွင် ဘုန်းတော်ကြီး စာသင်ကျောင်းများ အပါအဝင် အများပြည်သူပိုင် ကျောင်းများ၏ ၅ဝ မှ ၆ဝ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်ဟု ပူးပေါင်း အကဲဖြတ် လေ့လာရေး အစီရင်ခံစာတွင် ပါရှိသည်။

အမှတ် ၁ အခြေခံပညာ ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများသည် ယခုအချိန်အထိ သဘောတူညီမှု မရသေးသဖြင့် မိုးရာသီ ကျရောက်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဟု ဆိုကာ စစ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်အချို့ကို ဒေသခွဲ ချမှတ်ပေးခဲ့သလို လုပ်ငန်းတိုးတက်မှုကို ကြီးကြပ်ရန် ဝန်ကြီးအချို့ကိုလည်း တာဝန်ပေးခဲ့သည်။
read more “နာဂစ်သင့်ဒေသ ကျောင်းများ ဆောက်လုပ်ရေး သဘောကွဲလွဲ”

ကလေးများက နာဂစ်သင့်သူများအတွက် ငွေလှူဒါန်း

0 comments
နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 19:55 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္စျိမဌာန)။ ။ မလေးရှားရှိ မြန်မာဒုက္ခသည် ကလေးငယ်များက နာဂစ်တနှစ်ပြည့် အမှတ်တရ ရေးဆွဲထားသည့် ပန်းချီကားများနှင့် ပုံပြင် ၂ဝ ကျော်ကို စာအုပ်အဖြစ် ထုတ်ဝေရောင်းရငွေ မလေးရှားရင်းဂစ် ၂၅ဝဝဝ ကို ယမန်နေ့က လှူဒါန်းခဲ့သည်။

ကွာလမ်လာပူမြို့ စီတာပတ် (Setapak) အရပ်တွင် ကချင် တိုင်းရင်းသားများ ကိုယ်ထူကိုယ်ထ ဖွင့်ထားသည့် ကျောင်းမှ ကလေးငယ်များ ရေးဆွဲသည့် ရုပ်ပြပန်းချီများထဲမှ လက်ရွေးစင် ၂ဝ ကျော်ကို စာအုပ်ထုတ်ရောင်းရာမှ ရလာသည့်ငွေများကို မြန်မာပြည်တွင် မုန်တိုင်းဒဏ် ခံရသူများကို ကူညီနေသည့် မလေးရှားအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်း world vision မှတဆင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“နာဂစ် လေဘေးဒဏ် ခံနေရတဲ့ လူတွေကို ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုပြီး စဉ်းစားလာခဲ့ကြတာ။ တတ်နိုင်တဲ့ နည်းနဲ့ ကူညီရအောင်ဆိုပြီး လုပ်ခဲ့တာပါ။ သူတို့ ဆွဲထားတာက သစ်ပင်ပုံ၊ မုန်တိုင်းကျတဲ့ ပုံတွေနဲ့ သဘာဝ ရှုခင်းတွေ၊ ပြီးတော့ သူတို့ life style များကို ဆွဲထားတာပါ” ဟု ကချင်ဒုက္ခသည်ကော်မတီ - KRC ဥက္ကဋ္ဌ ကိုနော်ဆိုင်းက မဇ္စျိမကို ပြောသည်။

‘My Beautiful Myanmar’ အမည်ရှိ အဆိုပါ စာအုပ်ကို ပြီးခဲ့သည့် အနှောင်းပိုင်းအတွင်း မြန်မာကလေးငယ်များ ရေးဆွဲထားသည့် ရုပ်ပြ၊ ပန်းချီများဖြစ်ပြီး မလေးရှားရှိ ငွေကြေးတတ်နိုင်သူများထံ လိုက်လံရောင်းချခဲ့သည်။

စာအုပ်ပေါင်း ၂ဝဝဝ ကို KRC နှင့် ပုဂ္ဂလိက အလှူရှင်များ ပူးပေါင်းထုတ်ဝေခဲ့ကာ ယခုအခါ လက်ကျန်စာအုပ်ပင် မရှိတော့ကြောင်း သိရသည်။

“တချို့က သတ်မှတ်ထားတဲ့ စာအုပ်ခထက် ပိုပေးကြတယ်။ World Vision ကို လှူသလို၊ ကျန်တဲ့ ပိုက်ဆံတွေကို ဒီက ကလေးတွေအတွက် ကလေးသုံး စာအုပ်တွေ၊ ခဲတန်တွေ ထပ်ဝယ်တယ်” ဟု ကိုနော်ဆိုင်းက ပြောသည်။

၂ဝဝ၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ထိုဒုက္ခသည် ကလေးကျောင်းတွင် ယခုအခါ ကျေင်းသား ၁၆ဝ ကျော်ရှိပြီး အများစုမှာ ကချင် ကလေးငယ်များဖြစ်ကာ အချိန်ပြည့် ကျောင်းဆရာ၊ ဆရာမ ၁ဝ ဦးနှင့် အချိန်ပိုင်း သင်ကြားပို့ချပေးသည့် ဆရာ၊ ဆရာမ ၆ ဦး ရှိနေသည်။

မိဘအများစုသည် အနီးအနားရှိ စားသောက်ဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည်။

ထိုကျောင်းတွင် American Home School သင်ရိုးညွှန်းတမ်းကို အခြေခံသင်ကြားပေးပြီး၊ ကချင်စာပေ၊ အင်္ဂလိပ်စာ၊ သိပံ္ပ၊ ပထဝီ၊ Music notes စသည့် ဘာသာရပ်များကို သင်ကြားပေးသည့်အပြင် ပန်းချီရေးဆွဲနည်းလည်း သင်ကြားပေးသည်။

အလားတူ ဒုက္ခသည်ကလေးငယ် ကျောင်းများကို ကွာလာလမ်ပူမြို့ လူစည်ကားရာ ရပ်ကွက်များဖြစ်သည့် Imbi, Puchong, Lokju စသည့် ဒေသများတွင် ချင်းဒုက္ခသည်ကော်မတီ - CRC က ဦးဆောင်ကာ ဖွင့်လှစ်ထားသေးသည်။

၂ဝဝ၃ ခုနှစ်နောက်ပိုင်း ဖွင့်လှစ်ခဲ့သည့် ကျောင်းများသည် ယခုအခါ ၁ဝ ကျောင်းကျော် ရှိနေပြီး၊ ကျောင်းသား၊ ကျောင်းသူ ၂ဝဝဝ ကျော် သင်ယူနေသည်။

“မလေးရှား အစိုးရကျောင်းမှာ ပညာသင်ခွင့် မရှိလို့ အခုလို ကျနော်တို့ ကလေးတွေ စာနဲ့ အထိအတွေ့ မပြတ်သွားအောင်နဲ့ တတိယနိုင်ငံ မရောက်ခင် ဒီမှာ လိုအပ်တဲ့ မိခင်စာပေတွေကို သင်ပေးနေတာပါ” ဟု ကျောင်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို CRC အဖွဲ့ ဥက္ကဋ္ဌ ကိုဒွေဟဲ (Dawihre) က မဇ္စျိမကို ပြောသည်။

ချင်းတိုင်းရင်းသား ဒုက္ခသည် ကလေးငယ်များကို ချင်းစာပေ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ မြန်မာစာ သင်ကြားပေးပြီး လိုအပ်သည့် သက်ထောက်ကူပစ္စည်းများကို မလေးရှားနိုင်ငံရှိ ခရစ်ယာန်အသင်းတော်များက ကူညီပံ့ပိုးနေခြင်း ဖြစ်သည်။

မလေးရှားရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR တွင် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားပေါင်း ၄ သောင်းကျော် ရှိနေကြောင်း သိရသည်။
read more “ကလေးများက နာဂစ်သင့်သူများအတွက် ငွေလှူဒါန်း”

ဆိုင်ကလုံးဒဏ်ခံ လယ်သမားများ ပိုးမွှားအန္တရာယ်နှင့် ကြုံနေရ

0 comments
ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 18:08 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လယ်သမားများသည် နာဂစ်မုန်တိုင်း ဖျက်ဆီးခံခဲ့ရအပြီး တနှစ်အကြာတွင် နောက်ထပ်ဘေးဒုက္ခ အန္တရာယ်တရပ်ဖြစ်သော ပိုးမွှားဖျက်ဆီးမှုနှင့် ကြုံနေရပြန်သည်။

ဘိုကလေးမြို့နယ် ပေါင်းတည်ကျေးရွာရှိ လယ်သမားများသည် ယင်းတို့၏ လယ်ကွင်းများတွင် ကျရောက်နေသော ပိုးမွှားများကြောင့် စပါးအထွက် လျော့သွားသဖြင့် လယ်သမားများအဖို့ နေ့စဉ် စားဝတ်နေရေးကို ထိခိုက်ကာ အခြေအနေဆိုးနှင့် ကြုံနေရခြင်းဖြစ်သည်။

“စပါးခင်း အတော်များများ ပိုးကျလို့ ပျက်ပြီ။ အခုဖြစ်တဲ့ ပြဿဿနာက နာဂစ်မဖြစ်ခင်က အခြေအနေထက် ပိုဆိုးတယ်” ဟု ပေါင်းတည်ရွာမှ လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

နာဂစ်မုန်တိုင်းသည် ဧရာဝတီနှင့် ရန်ကုန်တိုင်းကို ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့က တိုက်ခတ် ဖျက်ဆီးခဲ့သည်။ မုန်တိုင်းကြောင့် အနည်းဆုံး လူပေါင်း ၁၄ဝဝဝဝ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး၊ လူပေါင်း ၂ ဒဿမ ၄ သန်း မုန်တိုင်းဒဏ် ခံခဲ့ရသည်။

ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီများ အပါအဝင် အကူအညီပေးရေး အဖွဲ့အစည်း အများအပြားက ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအတွက် ကူညီပေးခဲ့ကြသော်လည်း ယခုလတ်တလော ကြုံနေရသည့် ပိုးကျသည့်ကိစ္စမှာ သူတို့အတွက် ပြဿနာ အသစ်တရပ်ဟု လယ်သမားများက ပြောသည်။

“လာမယ့်မိုးတွင်းမှာ လယ်ဆက်လုပ်နိုင်ပါ့မလား ဆိုတာတောင် ကျနော်တော့ မသေချာတော့ဘူး” ဟု မကြာသေးခင်က ဘိုကလေးမြို့သို့ လာရောက်ခဲ့သည့် ဒီမိုးရင်ကျေးရွာမှ လယ်သမားတဦးက မဇ္ဈိမကို ယမန်နေ့က ပြောသည်။

ယခုနှစ် နွေစပါးရိတ်သိမ်းချိန်တွင် တဧကလျှင် စပါးတင်း ၄ဝ-၅ဝ ခန့်သာရကြောင်းနှင့် ယခင် ပုံမှန် အခြေအနေဆိုလျှင် တဧကလျှင် စပါး တင်း ၈ဝ-၁ဝဝ အထိရကြောင်း သူက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မြန်မာနိုင်ငံဆိုင်ရာရုံး ညွှန်ကြားရေးမှူး ခရစ်စ်ကေး (Chris Kaye) ၏ အပြောအရ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်ခံ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က လယ်ယာထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ယင်းတို့၏ ပုံမှန်စားဝတ်နေရေးဘဝ ပြန်လည်ထူထောင်ရာနှင့် စားနပ်ရိက္ခာ လုံခြုံမှုကိစ္စတို့တွင် အခက်အခဲများနှင့် ရင်ဆိုင်ကြရဦးမည်။

“ကြွေးမြီ အမြောက်အမြား တင်ရှိနေခြင်း၊ လယ်ယာထုတ်လုပ်မှု အကန့်အသတ်ရှိခြင်း၊ အလုပ်အကိုင်ရရှိမှု နည်းပါးခြင်း၊ ဒါမှမဟုတ် ဝင်ငွေရရှိတဲ့ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် လာမယ့် မိုးရာသီမှာ အဲဒီ မိသားစုတွေအတွက် စားဖို့တောင် အနိုင်နိုင်ဖြစ်လိမ့်မယ်” ဟု ကေးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် စပါးအထွက်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် သူ့အနေဖြင့် စပါးစိုက်ပျိုးထွန်ယက်ရန်ပင် ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဒီမိုးရင်ကျေးရွာမှ လယ်သမားက ပြောသည်။

“နာဂစ်မုန်တိုင်း တိုက်ပြီးတော့ စပါးထွန်ယက်စိုက်ပျိုးဖို့ဆိုပြီး ကယ်ဆယ်ရေး အေဂျင်စီတွေက တဧကကို ကျပ် တသောင်း (အမေရိကန်ဒေါ်လာ ၁၀) နှုန်းလောက် ပေးတာရတယ်” ဟု အဆိုပါ လယ်သမားက ပြောသည်။

သို့သော် ဤငွေပမာဏသည် ထွန်ယက် စိုက်ပျိုးရန်အတွက် စရိတ်စက မကာမိကြောင်းနှင့် မျိုးစေ့၊ ထွန်ယက်ရန် အလုပ်သမားငှားရမ်းခ၊ ထွန်စက်အတွက် ဆီဖိုး၊ အခြား စက်ကိရိယာများနှင့် မြေသြဇာအတွက် အနည်းဆုံး ကျပ် ၅၀၀၀၀ ခန့် လိုအပ်ကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့်နှစ် မုန်တိုင်းမတိုက်မီက သူ့လယ်ကို ထွန်ယက်ရန် ဒေသခံ ငွေတိုးချေးစားသူများထံမှ ငွေချေးယူခဲ့သည်မှာ အတိုးနှုန်းမှာ ၁၅ ရာနှုန်း ဖြစ်သည်။ ယခု ရသမျှပိုက်ဆံလေးနှင့် ငွေပြန်ဆပ်ခဲ့ရာ ဘာမှမကျန်သလောက် ဖြစ်သွားရာ ယခုနှစ် မိုးရာသီတွင် မည်သို့ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ရမည်ကို စဉ်းစား၍ပင် မရကြောင်း သူက ဆိုသည်။

ဤသို့ ဒေသခံ ငွေတိုးချေးစားသူများထံမှ ငွေချေးယူခဲ့သည်မှာ အဆိုပါ လယ်သမားတဦးတည်း မဟုတ်ပါ။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဘိုကလေးနှင့် လပွတ္တာနယ်များသို့ မကြာခဏ သွားရောက်လေ့ရှိသူ ရန်ကုန်အခြေစိုက် အကူအညီပေးရေး လုပ်သားတဦးကလည်း လယ်သမားအများစုမှာ အဆိုပါ ငွေချေးစားသူများထံမှ ကြွေးမြီအပေါ်တွင်သာ ရပ်တည် အားကိုးနေကြရကြောင်း ပြောသည်။

“ဒါပေမဲ့ အတိုးနှုန်းက သိပ်များတာကြောင့် ဒီတခါတော့ သူတို့ အကြွေးယူရဲမှာ မဟုတ်တော့ဘူး” ဟု အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောသည်။

မုန်တိုင်းဒုက္ခသည်များအတွက် စိုက်ပျိုးရေးနှင့် စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးခြင်းသည် အရေးအပါဆုံး လုပ်ရပ်တခုဖြစ်ကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ဆက်သွယ်ရေးအရာရှိ အက်စထရစ်ဆီး (Astrid Sehl) က ပြောသည်။

“လူတွေ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင် ကူညီထောက်ပံ့ပေးဖို့က အရေးကြီးတယ်။ ဒီကိစ္စမှာ လယ်ယာစိုက်ပျိုးရေးနဲ့ စားဝတ်နေရေးကို အထောက်အပံ့ ပေးဖို့က အဓိကပဲ” ဟု Sehl က မဇ္ဈိမကို ပြောသည်။

သို့သော် မြစ်ဝကျွန်းပေါ်ဒေသသို့ ၂ ပတ်ကြာ ခရီးသွားရောက်ခဲ့ပြီး မကြာသေးခင်ကမှ ပြန်ရောက်လာသူ ရန်ကုန်မြို့မှ သတင်းထောက်တဦးကမူ ဘိုကလေး၊ လပွတ္တာ အစရှိသည့် မြို့များနှင့်နီးသည့် ကျေးရွာ အနည်းငယ်က အကူအညီများ လက်ခံရရှိသော်လည်း ပင်လယ်နှင့် နီးသော အခြားကျေးရွာ အများအပြားမှာ အကူအညီ လုံလောက်စွာ မရသေးကြောင်း ပြောသည်။

“လယ်သမား အများအပြား လယ်ထဲ ပြန်ဆင်းနိုင်ခဲ့ကြပေမယ့် အထွက်နှုန်း ကောင်းအောင်လုပ်ဖို့ အထောက်အပံ့ လုံလုံလောက်လောက် မရခဲ့ကြဘူး” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

မုန်တိုင်းဒုက္ခသည်များ လိုအပ်နေသည့် အကူအညီမှာ များပြား၍ အမျိုးမျိုး ကွဲပြားနေနိုင်သော်လည်း လယ်တွင် ကျရောက်နေသော ပိုးများ နှိမ်နင်း ဖယ်ရှားရေးအတွက် သူတို့လယ်သမားများ အထောက်အပံ့ရရန် လိုအပ်သည်။ ယင်းသည်သာလျှင် သူတို့အတွက် အခြေခံကျသော အထောက်အပံ့ ဖြစ်လိမ့်မည်။

လယ်များတွင် ပိုးကျရောက်မှု တိုးများလာရခြင်းမှာ လယ်ထဲတွင် ပင်လယ်ဆားငန်ရေးများ ဝင်ကုန်ခြင်းကြောင့်ဟု ယုံကြည်ရသည်။ သူ့အပြောအရ ပိုးများက စပါးပင်များကို ကိုက်ဖြတ်ပစ်လိုက်ပြီး၊ ကျိုးကျနေသော စပါးပင်များသာ လယ်ထဲတွင် ကျန်ခဲ့သည်ဟု ဆိုသည်။

“ထွန်ယက်စိုက်ပျိုးဖို့အတွက် ရင်းနှီးထားရတာနဲ့တင် ဒုက္ခက များလှပြီ။ ဒါကြောင့် တော်တော်များများက ပိုးသတ်ဆေး မဝယ်နိုင်ကြတော့ဘူး” ဟု သတင်းထောက်က ပြောသည်။

ဒုက္ခသည် အများအပြားအတွက် စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများ လိုအပ်သော်လည်း၊ လယ်သမားများအတွက်မူ လယ်ထဲ ပြန်ဆင်းနိုင်ရေးအတွက် လုံလောက်သော အကူအညီများရရန်မှာ အရေးကြီးသည်ဟု ရန်ကုန်ရှိ အကူအညီပေးရေး လုပ်သားက ပြောသည်။

“ဒီလိုမှမရရင် လယ်သမားအများစုက လယ်ကွင်းတွေကို စွန့်ခွာပြီး ရရာအလုပ်ကို ဝင်လုပ်ကြတော့မှာ” ဟု သူက ပြောသည်။
read more “ဆိုင်ကလုံးဒဏ်ခံ လယ်သမားများ ပိုးမွှားအန္တရာယ်နှင့် ကြုံနေရ”

ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ကာလဝမ်းရောဂါ အသွင်ပြောင်း

0 comments
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 12:46 - မြန်မာစံတော်ချိန်
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှော ရောဂါ မှာ ကူးစက်မှု များလာပြီး ကာလဝမ်းရောဂါ အသွင်ဆောင်လာကြောင်း စစ်အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေးပညာဌာန (ဗဟို) တာဝန်ရှိသူက ဆိုသည်။

သောက်သုံးရေ ရှားပါးသော မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများ၊ ရန်ကုန်၊ မန္တလေးတို့ရှိ မြို့နယ်အချို့နှင့် နာဂစ် မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း မြို့နယ်အချို့တွင် လတ်တလော ဖြစ်ပွားလျက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုသည် ကူးစက်ပျံ့နှံ့လာပြီး ကာလဝမ်းရောဂါ အသွင်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

မတ်လ လယ်တွင် မြန်မာ့ အလယ်ပိုင်း ဒေသ မကွေး၊ မိတ္ထီလာ ၊ ဧပြီလဆန်းပိုင်းတွင် ရန်ကုန်တိုင်း မြို့နယ်များ ဖြစ်သော် သာကေတ၊ ဒေါ်ပုံ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာ၊ သန်လျင်၊ ဧရာဝတီတိုင်း နာဂစ်ဒဏ်သင့် လပွတ္တာ၊ ဘိုကလေး ဒေသများနှင့် သင်္ကြန်ကာလ အတွင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်နှင့် အမရပူရတို့တွင် ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်း ဝမ်းပျက် ဝမ်းလျော ဆက်လက် ကူးစက် ဖြစ်ပွား နေသည်။

“အသေအပျောက်တော့ ရှိပါတယ်။ ဒါပေမယ့် တိတိကျကျ စာရင်းကောက်ယူ ထားတာမျိုးတော့ မရှိသေးပါဘူး။ သိသလောက်တော့ သာကေတမှာ သေတယ်။ မြောက်ဥက္ကလာနဲ့ မြင်းခြံတို့မှာ အခြေအနေ ဆိုးတယ်။ ဧရာဝတီတိုင်းက ဖြစ်တာတွေတော့ သတင်းအချက်အလက် မရဘူး။ သေသေချာချာလည်း သွားမလုပ်နိုင်ဘူး။ အားလုံး ပေါင်းရင်တော့ သေတာ၂ဝ ကျော်လောက်တော့ ရှိသွားပြီ။ လက်လှမ်းမမီတာတွေလည်း ရှိပါသေးတယ်” ဟု ဆိုသည်။

ဝမ်းပျက်ဝမ်းလျှောမှာ ယခင်က မိုးဦးကျတွင် စတင် ဖြစ်ပွားတတ်သော်လည်း ယခုနှစ်တွင် နွေရာသီကာလ အတွင်း စတင် ဖြစ်ပွားနေပြီ ကာလဝမ်းရောဂါအဆင့်သို့ ရောက်ရှိနေသည်ဟု သူက ဆိုသည်။

ယင်း ဝမ်းရောဂါ ဝေဒနာရှင်အချို့မှာ နောက်ဆက်တွဲ ရောဂါအဖြစ် အသည်းခြောက် ရောဂါပါ ဆက်လက် ဖြစ်ပေါ်နေကြောင်း ရန်ကုန်ဆေးရုံကြီး အသည်းရောဂါဌာနမှ ပါမောက္ခ ဒေါက်တာသံစစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ဧပြီလ ၂၈ ရက်နေ့ထုတ် True News သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
read more “ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ကာလဝမ်းရောဂါ အသွင်ပြောင်း”

တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ

0 comments
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 19:04 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ထူးကဲစွာ ဝက်သေဆုံးမှုများ ဖြစ်ပေါ်နေရာ ဝက်တုပ်ကွေးရောဂါ စိုးရိမ်မှုကို မီးထိုးပေးလိုက်သည်။

တပိုင်တနိုင် ဝက်မွေးမြူးရေး လုပ်ငန်းများ လုပ်နေသည့် တွံတေးမြို့ အုတ်ဖို အနောက်ပိုင်းရပ်ကွက်၊ တံခွန်တိုင်နှင့် ဇီးဖြူကုန်းရွာတွင် ဝက်ကောင်ရေ ၂၅ ကောင်ခန့် ဧပြီ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့သည်။
“မသေခင်မှာ ပါးစပ်ထဲက အမြှုပ်တွေ ထွက်တယ်။ ဆန့်တငင်ငင် ဖြစ်တယ်။ ၂ နာရီ လောက်ကြာရင် သေသွားတယ်။ သေသွားတဲ့ ဝက်တွေကို ပေါ်လိုက်တဲ့အခါ အသားတွေက မဲပုပ်ပုပ် ဖြစ်နေတယ်။ အဲဒီ ဝက်တွေကို ကြည့်လိုက်ရင် ရေဓာတ် ခမ်းခြောက်တဲ့ အနေအထား ရှိတယ်။ ” ဟု တွံတေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် တွံတေးမြို့ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာဌာန ဝန်ထမ်းများသည် ဒေသတွင်းသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ရောဂါဖြစ်သည်ကို အမည်တပ်နိုင်ခြင်း မရှိကြောင်းနှင့် အခြား ကျေးရွာများတွင်ပါ ယခုလို ဝက်သေဆုံးမှုများ ပေါ်ပေါက်လာပါက အကြောင်းကြားရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်း ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဝက်မွေးမြူရေး လုပ်တာတွေ ရှိတယ်။ တပိုင်တနိုင် မွေးမြူးရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင် တယောက်ဟာ ဝက်အကောင်ရေ ၅ဝ လောက် မွေးထားရာမှာ အခုဆို ၂၂ ကောင်ပဲ ကျန်တော့တယ်။ ' ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါ တွံတေးမြို့ ဝက်သားဆိုင်များတွင် ဝက်သား အရောင်းအဝယ် ထိုင်းမှိုင်းသွားသည်။

မက္ကဆီကိုနိုင်ငံမှ စတင်ခဲ့သည့် ဝက်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံ အချို့သို့ ကူးစက်မှုရှိနေပြီး စိုးရိမ်သောက များနေချိန်တွင် ဝက်များ ယခုကဲ့သို့ အစုလိုက် သေဆုံးခြင်းက လူအများ အာရုံစိုက်စရာ ဖြစ်လာစေခဲ့သည်။
read more “တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ”

နာဂစ် ကလေးငယ်များ ပညာရေး ခက်ခဲနေဆဲ

0 comments
(Irrawaddy) Thursday, 30 April 2009 17:32 (အောင်သက်ဝိုင်း)

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ကလေးငယ်များ၏ ပညာရေးအတွက် အခက် အခဲများစွာ ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ပညာရေး ဒုက္ခသည် နာဂစ် ကလေးငယ်များ (ဓာတ်ပုံ - အောင်သက်ဝိုင်း)

ယနေ့အထိ သင်ကြားရေး ဆရာ ဆရာမများ၊ စာသင်ကျောင်းများ၊ ကျောင်းသုံးပရိဘောဂများ အလွန်အမင်း လိုအပ်နေဆဲ ဖြစ်ပြီး ကလေးငယ်များ ကျောင်းထားရန် စရိတ် မတတ်နိုင်မှုများကြောင့် မုန်တိုင်းသင့်ဒေသ ကျေး လက်တောရွာများရှိ ကလေးငယ်များ၏ ပညာရေးမှာ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အခြေခံပညာကျောင်းပေါင်း ၄၀၀၀ ကျော် ပြိုလဲပျက်စီးခဲ့ရာ မုန်တိုင်းတိုက်ပြီး တနှစ်ပြည့်ချိန်နီးအထိ စာသင်ကျောင်းပေါင်း ၁၅၀၀ နီးပါးသာ ပြန်လည်ပြုပြင်နိုင်သေးကြောင်း ယင်းဒေသတွင် ကျောင်းများဆောက်လုပ်နေသော နာမည်ကျော်ဆောက်လုပ်ရေးကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်ပိတ်တဲ့ အချိန်ထိ စာသင်ကျောင်းပေါင်း ၆၀၀ ကျော်အစိုးရက တည်ဆောက် ပြီးစီး တယ်။ အခု၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေးနှစ်အစမှာ ကျောင်းပေါင်း ၇၀၀ ကျော်ပြီးစီးအောင် တည်ဆောက်နေတယ်။ အလှူရှင်တွေနဲ့ အဖွဲ့အစည်းတွေကပါ တည်ဆောက်တဲ့ အရေအတွက်ပါထည့်ပေါင်းရင် ပျက်စီးသွားတဲ့ စာသင် ကျောင်း ၄၀၀၀ မှာ ၁၅၀၀ လောက် ပြုပြင်တည်ဆောက်နေကြတယ်”ဟု အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီ တာ ၀န် ရှိသူက ဆိုသည်။

မုန်တိုင်းသင့်ဒေသတွင် စာသင်ကျောင်းများဆောက်လုပ်နေသော ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် စီးပွား ရေး အကြပ်အတည်း ကြုံချိန်ဖြစ်သည့်အတွက် သတ်မှတ်ချိန်တွင်ပြီးစီးရန် အခက်အခဲများရှိနေကြောင်း သိရသည်။

“ကျောင်းတခုဆောက်မယ်ဆိုရင် အစိုးရဆီက ငွေကြိုမရဘူး။ ဆောက်ပြီးတဲ့အဆင့်ကိုလိုက်ပြီး ငွေလေးရစ်ခွဲယူရ တယ်။ ငွေမလည်တဲ့ ကုမ္ပဏီတွေအနေနဲ့ စီးပွားရေးအကြပ်အတည်းကြောင့် စာသင်ကျောင်းတွေ ကျောင်းဖွင့်ချိန် အမီ ပြီးနိုင်ဖို့ မလွယ်ပါဘူး”ဟု မုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ၀ါဝါ၀င်း ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတဦးက ရှင်းပြသည်။

ထိုသို့ ပျက်စီးသွားသည့် စာသင်ကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပြီးစီးရန် လိုအပ်နေသည့်အပြင် စာသင် ကျောင်းမရှိသော ကျေးလက်တောရွာများလည်း ရာနှင့်ချီကာ အများအပြားရှိနေကြောင်း သိရသည်။

“ရွာပေါင်း၂၄ ရွာ ရှိတဲ့ ဒိုင်နယ်(ကျေးရွာအုပ်စု) တခုမှာ မူလတန်း စာသင်ကျောင်းက ဆယ်ကျောင်းလောက် ပဲရှိ တယ်။ ရွာတိုင်းမှာ စာသင်ကျောင်းမရှိတော့ ကျောင်းတက်ဖို့ အရမ်းခက်ခဲတယ်။ မိုးတွင်းလို အချိန်မျိုးဆိုရင် ကလေး တွေကျောင်းတက်ဖို့လုံးဝခက်ခဲပါတယ်”ဟု လပွတ္တာမြို့နယ်၊ ရှော်ချောင်းကျေးရွာအုပ်စုဝင်မိကျောင်းအိုင် ကျေးရွာမှ ကျေးရွာအာဏာပိုင်တဦးက ပြောသည်။

တချို့စာသင်ကျောင်းရှိသော ကျေးရွာများတွင် သင်ကြားမည့် ဆရာ၊ ဆရာမ မရှိသည့်အတွက် ကျေးရွာ က ငွေကြေးစုဆောင်း၍ ပြင်ပမှ ဆရာ၊ ဆရာမများကို ခက်ခက်ခဲခဲ ငှားရမ်းရမှုများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။

“မူလတန်းဆရာ၊ ဆရာမ တယောက် ငှားမယ်ဆိုရင် စာသင်နှစ် တနှစ်အတွက်စပါးတင်းတရာ၊ တရာ့ငါးဆယ် (ငွေသုံးသိန်းနှင့်ငါးသိန်းကြား) ချက်ချင်းပေးရတယ်။ ဒါတောင် ခက်ခက်ခဲခဲငှားရတာ။ အစိုးရက တာဝန်ချပေး မယ့် ဆရာ၊ ဆရာမက ရချင်မှရတာ”ဟု ဘိုကလေးမြို့နယ် ကျေးရွာအုပ်စုကြီးတခုမှ ရွာလူကြီးတဦးက ပြော သည်။

ကျေးရွာများတွင် မူလတန်းပြီးဆုံးသွားပါက အလယ်တန်းနှင့် အထက်တန်းပညာများသင်ယူရန် စာသင်ကျောင်း မရှိဘဲ ငွေကြေးတတ်နိုင်သူများသာ ရွာကြီးများ၊ မြို့ကြီးများရှိ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်း များတွင် ဆက်လက်ပညာသင်ကြားနိုင်ကြကြောင်း၊ ကလေးအများစုမှာ ဆက်လက်စာသင်ကြားနိုင်ခြင်း မရှိဘဲ ကျောင်းမှထွက်ကာ လယ်လုပ်ငန်း၊ တံငါလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြရကြောင်းလည်း သိရသည်။

“မူလတန်းပြီးရင် အလယ်တန်းနဲ့ အထက်တန်းတက်ဖို့ တွဲဖက်အထက်တန်းကျောင်းရှိတဲ့ရွာကြီးတွေမှာသွားတက် ရမှာဆိုတော့ တော်ရုံတန်ရုံငွေကြေးမရှိတဲ့ လယ်သမား၊ တံငါသမားအများစု သားသမီးတွေက ကျောင်းထွက်ပြီး လယ်လုပ် ငါးဖမ်းလုပ်ကြတယ်”ဟု လပွတ္တာ၊ စလူချောင်းကျေးရွာသား တဦးက ဆိုသည်။

မြစ်ဝကျွန်းပေါ် ကျေးလက်တောရွာများတွင် လေးတန်းထိသာ ပညာသင်ကြားရသော ကလေးအများစု ရှိနေပြီး အလယ်တန်းနှင့် အထက်တန်း ပညာသင်ကြားရသော ကလေးအရေအတွက်နည်းပါးလှသည်ဟု သိရှိရသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတခုလုံးတွင် အခြေခံပညာကျောင်းပေါင်း ၆၃၂၄ ကျောင်းရှိသည့်အနက် အလယ် တန်း ကျောင်း ၄၃၂ ကျောင်းနှင့် အထက်တန်းကျောင်း၂၅၇ ကျောင်းသာ ရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။

read more “နာဂစ် ကလေးငယ်များ ပညာရေး ခက်ခဲနေဆဲ”

နာဂစ်ဒေသ အကူအညီ “အကြီးအကျယ်” လိုအပ်

0 comments
(Irrawaddy) Thursday, 23 April 2009 19:41 (စောရန်နိုင်)

နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး တနှစ် ပြည့်တော့မည့် အချိန်တွင် ဒုက္ခသည်များ အတွက် သောက်သုံးရေ အပါအ၀င် အကူအညီ အထောက်အပံ့များ အကြီးအကျယ် လိုအပ်နေဆဲဖြစ် သည်ဟု ကယ်ဆယ် ကူညီရေး အဖွဲ့များထံမှ သိရသည်။


ဧရာဝတီတိုင်းမှ နာဂစ်မုန်တိုင်း ဒုက္ခသည် ကလေးငယ်တဦး (ဓာတ်ပုံ - အေပီ)

မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ်ရှိ လပွတ္တာမြို့နယ် နှင့် ငပုတော မြို့နယ် ဆင်ခြေဖုံး ဒေသများတွင် နေထိုင်သူ ၂၄၀ ၀၀၀ ကျော်အတွက် ရေသန့် လုံးဝ မရှိသေးကြောင်း Save the Children အဖွဲ့ မြန်မာပြည် ဆိုင်ရာ ညွှန်ကြားရေးမှူး Andrew Kirkwood က ပြောသည်။

မိဘမဲ့ ကလေးငယ် အများအပြား ဘုန်းကြီးကျောင်းများ၊ ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း Andrew Kirkwood က ရှင်းပြသည်။

မုန်တိုင်းဒဏ် သင့်ခဲ့သူများ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသ အနောက်တောင်ပိုင်းရှိ ဒုက္ခသည်များ၏ ဘ၀ ပြန်လည် နာလန်ထူရေး အတွက် နှစ်အတော်ကြာ အချိန်ယူရမည်ဟု Andrew Kirkwood က ခန့်မှန်းထားသည်။

ယမန်နေ့က နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး ဆိုင်ရာ အစည်းအဝေးတခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာပြည် ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်၊ ကုလ သမဂ္ဂ စားနပ် ရိက္ခာအဖွဲ့ နှင့် ဟော်လန်အခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့ တို့၏ မြန်မာပြည် အခြေစိုက် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နာဂစ် ဒေသသို့ ရိုက်ခတ်မည့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ သက်ရောက်မှုများကို ဦးစားပေး ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များတွင် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ၊ နာဂစ် ဒုက္ခသည်များအတွက် နိုင်ငံတကာ၏ ထောက်ပံ့မှုများ လုံလောက်မှု ရှိ မရှိ စသည့် အကြောင်းအရာများလည်း ပါဝင်သည်။

ဤအတောအတွင်း ဥရောပ နိုင်ငံများက မြန်မာပြည်သို့ အကူအညီ ပေးမည့် အစီအစဉ်များ ဆက်လက် ပြုလုပ်ရန် အဆင်သင့် ရှိနေကြောင်း ပြောကြားလိုက်သည်။

မြန်မာပြည်သို့ အကူအညီများ ပိုမို ပေးအပ်ရန် အသင့် ဖြစ်နေပြီဟု ဥရောပ ကော်မရှင်၏ ဥရောပ အကူအညီ ပေးရေး ညှိနှိုင်း ဆောင်ရွက်မှု အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Koos Richelle က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် အလွန်အမင်း လိုအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများအတွက် အလှူရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရမည်ဟု Koos Richelle က ပြောသည်။

ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ပတ်သက်ပြီး စစ်အစိုးရက ဆွေးနွေးရန် လက်ခံခြင်း မရှိသဖြင့် အကူ အညီ ပေးရေး လုပ်ငန်းများ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ပြင်ပကမ္ဘာနဲ့ ခပ်ကင်းကင်းနေတတ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်” ဟု Koos Richelle က ဖိလစ်ပိုင်နိုင်ငံတွင် ၂ရက်ကြာ ပြုလုပ်သည့် အာရှ-ဥရောပ အစည်းအဝေးတွင် ပြောလိုက်သည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့က နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်ခဲ့ရာ လူအသေအပျောက် ၁၄၀ ၀၀၀ ကျော် ရှိခဲ့သည်။
read more “နာဂစ်ဒေသ အကူအညီ “အကြီးအကျယ်” လိုအပ်”

နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်

0 comments
(From Irrawaddy) Monday, 27 April 2009 17:47 (မင်းမင်း)
“ရေက ကျုပ်တို့အောက်မှာ ရှိတုန်းကတော့ အဆင်ပြေတယ်၊ ရေက ကျုပ်တို့ အပေါ်ကို ရောက်လာတော့ ကျုပ်တို့ သေပြီပေါ့” အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်သော ဦးတိုးက ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း အကြောင်းကို ပြန်လည် ပြောပြခြင်း ဖြစ်သည်။


မြစ်ဘေးမှ ပျက်စီးသွားသော အိမ်တလုံး (ဓာတ်ပုံ - Minn Minn/IPS Asia-Pacific)

နာဂစ်မုန်တိုင်းသည် တနာရီ ကီလိုမီတာ ၂ဝဝ နီးပါး တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်သည်။ မုန်တိုင်း အပြီးတွင် အနည်းဆုံး လူပေါင်း ၁၃၇ ဝဝဝ သေဆုံးပြီး လူပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်သွားသည်။ နာဂစ်၏ ဒဏ်ကို ခံခဲ့ရသူများသည် မြေသြဇာ ကောင်းသော မြစ်ဝကျွန်းပေါ် ဒေသကို သဘာဝ အရင်းအမြစ်အဖြစ် မှီခိုခဲ့သူများဖြစ်သည်။ နာဂစ် ဆိုင်ကလုန်းဒဏ်ကို အပြင်းထန်ဆုံး ခံရသည့် ဒေသမှာလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ဖြစ်သည်။

နာဂစ်၏ ဒေါသမှ လွတ်မြောက်ခဲ့သူများမှာ မကြာမီမှာပင် သောက်သုံးရေအတွက် အခက်ကြုံကြရသည်။ သောက်သုံးရေအတွက် အားကိုးခဲ့ရသည့် ရေတွင်း၊ ရေကန်များမှာ ပင်လယ်ရေများ ဝင်လာသဖြင့် အသုံးပြု၍ မရတော့ပေ။ သောက်ရေအိုး၊ စဥ့်အိုးများမှာလည်း မုန်တိုင်းအတွင်း ပျက်စီးသွားသည်။ သောက်ရေ ရရေးအတွက် ရှိသမျှ ပုံးများ ခွက်များဖြင့် တန်းစီ စောင့်ဆိုင်းသည့် လူတန်းရှည်များမှာ ကယ်ဆယ်ရေး လုပ်ငန်းများ အစပြုစဉ်က တွေ့ရတတ်သည့် မြင်ကွင်းများ ဖြစ်သည်။

ရေ ရရှိမှု နှင့် လယ်သမား အရေအတွက် အားကောင်းခဲ့သောကြောင့် ဤဒေသက ကမ္ဘာ့ စပါးကျီတခု ဖြစ်ခဲ့သည်။ ရေအရင်းအမြစ်များကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ နေလှန်းဆား လုပ်ငန်း၊ ငါး နှင့် ပုစွန် မွေးမြူရေး လုပ်ငန်းများ အဆင်ပြေခဲ့ကြသည်။


လူသားတို့ကြောင့် ပြီးခဲ့သည့် နှစ်များ အတွင်း မြစ်ဝကျွန်းပေါ် ဒေသတွင် မြေမျက်နှာသွင်ပြင် ပြောင်းလဲ သွားသည်။ ထို့ကြောင့် ဆိုင်ကလုန်း အပါအဝင် ဒီရေလှိုင်းကြီးများ၊ လေပြင်း မုန်တိုင်းဒဏ်များကို ခံနိုင်စွမ်းရှိသည့် သဘာဝ အနေအထားလည်း အားနည်းသွားရသည်။ ငါးကန်၊ ပုစွန်ကန်၊ မီးသွေးလုပ်ငန်း စသည်တို့ကြောင့် ဒီရေတောများ ပြုန်းတီးသွားသဖြင့် ဤအပြောင်းအလဲက ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း တဖြည်းဖြည်း ကြီးထွားလာသည်။ ကျေးလက်ဒေသ နေအိမ် အမိုးများ အတွက် လိုအပ်သော ဓနိပျစ်များအတွက် ဓနိပင် အများအပြားကိုလည်း ခုတ်လှဲခဲ့ကြသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ဒေသခံများ သောက်သုံးရေ သယ်ဆောင်၊ သိုလှောင်ရန်အတွက် ပလတ်စတစ်ပုံး အများအပြား တင်သွင်းကြသည်။ မြန်မာပြည် ဒေသအသီးသီးမှ မြေအိုး၊ စဥ့်အိုးများလည်း ဝယ်ယူကြသည်။

မုန်တိုင်းအပြီးတွင် ရေကန်၊ ရေတွင်းများကို သန့်ရှင်းရေး အကြိမ်ကြိမ် လုပ်ကြသည်။ သို့သော်လည်း ဆားငန်ရေက မြေအောက် ရေအရင်းအမြစ်များ အထိ ရောက်ရှိသွားသဖြင့် ရေတွင်း ရေကန်များ သန့်စင်ရေး လုပ်ငန်းများမှာ အနည်းငယ်သာ ထိရောက်သည်ဟု နာဂစ် ဒုက္ခသည်များက ရှင်းပြသည်။ ထို့ကြောင့် ရေတွင်းအသစ် တူးဖော်သည့် နည်းလမ်းမှာလည်း အလုပ်ဖြစ်မည့် နည်းလမ်း မဟုတ်နိုင် ဟု ဆိုသည်။

နိုင်ငံတကာ နှင့် ဒေသတွင်း အကူအညီပေးရေး အဖွဲ့များက ရေသန့်စင်သည့် စက်များ ဖြန့်ဝေထားပြီး ကျေးလက်ဒေသများတွင် သောက်ရေ ရရှိရေးကို ဆောင်ရွက်နေသည်။ သို့သော်လည်း မြစ်ဝကျွန်းပေါ်ဒေသ ရေအကြပ်အတည်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည်။

(မင်းမင်းသည် IPS သတင်းဌာန၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ သတင်းထောက်ဖြစ်သည်။ ဤသတင်းကို ဧရာဝတီအတွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်)

read more “နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်”

ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ

0 comments
Tuesday, 28 April 2009 18:14 ( ကြည်ဝေ)
မုန်တိုင်းလာဦးမည်ဟု သတင်းကြားရပြီးကတည်းက ဒေါ်သူဇာ ဆောက်တည်ရာ မဲ့နေသည်။ အချိန်တိုင်း အိမ်ရှေ့ထွက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၊ အိမ်ထဲဝင်ကာ ပစ္စည်းသိမ်းလိုက် ၊ ဆော့ကစား နေသော မြေးဖြစ်သူကို တကြော်ကြော်ခေါ်ရင်း သူ့စိတ်ထဲ မဖော်ပြနိုင်အောင် ရှုပ်ထွေး နောက်ကျိ လျက်ရှိကာ မအိပ်နိုင်တော့။



နာဂစ်ကြောင့် သားနှင့် ချွေးမသေဆုံးသွားသဖြင့် စိတ်ဒဏ်ရာ ခံစားနေရသည့် အသက် ၆၂ နှစ်အရွယ် ဒေါ်သူဇာကို ၎င်း၏ တဲတွင်ထိုင်နေစဉ် ဤသို့မြင်တွေ့ရသည် (ဓာတ်ပုံ - ကြည်ဝေ၊ ဧရာဝတီ)

နို့ဆီဘူး တလုံးသာသာ ဆန်ကိုလည်းကောင်း၊ ယူနီဆက်ဖ် အမှတ်တံဆိပ်နှင့် ကျောပိုးအိတ် အပြာရောင်လေးကို လည်းကောင်း၊ “သိမ်ကြီးဈေး အလှူရှင်များက လှူဒါန်းသည်” ဟူသည့် အမှတ်အသားပါသော မိုးရေကာ ပလတ် စတစ်စ တစကိုလည်းကောင်း၊ ပလတ်စတစ် ရေခွက် အနီတလုံး၊ အပြာရောင် ပလတ်စတစ် ထမင်းပန်းကန် လေး ၂ ချပ်နှင့် စတီးဇွန်း တချောင်းကို လည်းကောင်း ကြွပ်ကြွပ်အိတ် အမည်းကြီးထဲ စုထည့်ထားကာ မုန်တိုင်း လာပြီဆိုပါက ဘေးလွတ်ရာပြေးနိုင်ရန် အဆင်သင့်ပြင်ထားကြောင်း သူကပြောပြသည်။

“နာဂစ်မုန်တိုင်း တိုက်တုန်းက အမေက အိပ်ပျော်နေတာ။ မြေးကလေး နိုးနေလို့သာ အသက်မသေတာပေါ့။ ဒီတခါတော့ အိပ်ပျော်နေလို့ မဖြစ်ဘူးဟဲ့ ဆိုပြီး ထိုင်စောင့်နေတာပဲ။ သားနဲ့ ချွေးမကတော့ နာဂစ်ကြောင့် သေရှာပြီ” ဟု အသက် ၆၂ နှစ်အရွယ် ဒေါ်သူဇာက မျက်ရည်ကျရင်း ပြောပြသည်။

၂၀၀၈ ခုနှစ်မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ငါးဖမ်းထွက်နေသော ဒေါ်သူဇာ၏ သားမှာ တခြားသော ရေလုပ်သားများနှင့်အတူ သေဆုံးခဲ့ပြီး ဒေါ်သူဇာ၏ ချွေးမမှာလည်း ကျန်လှေတစင်းနှင့်
ယောကျာ်းဖြစ်သူကို လိုက်ခေါ်ရာမှ လှေမှောက် သေဆုံးခဲ့ရသည်ဟု သိရသည်။

ထို့ကြောင့် ဒေါ်သူဇာမှာ မုန်တိုင်းလာဦးမည်ဟု အသံကြားကတည်းကပင် သူ၏ တဦးတည်းသော သွေးသား မြေးဖြစ်သူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း ဆောက်တည်ရာမဲ့ နေရကြောင်း သူ့အိမ်နီးချင်းများက ပြောပြကြသည်။

“တော်ပုလဲ တရပ်ကွက်လုံးက မုန်တိုင်းမှာ ထိပြီး လူမသေတဲ့ အိမ်ဆိုတာ မရှိသလောက် ဖြစ်သွားတော့ မုန်တိုင်းဆိုရင် ကြောက်ကြတာပဲ။ ကျနော့် မိန်းမဆို ရေဒီယိုကို လက်က မချတမ်း နားထောင်နေပြီး ကြောက် နေတာ” ဟု တော်ပုလဲ ရပ်ကွက်သားတဦးက ပြောဆိုသည်။

တော်ပုလဲ ရပ်ကွက်သည် ရေလုပ်သားအများဆုံးနေထိုင်သော ရပ်ကွက်ဖြစ်ပြီး နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ငါးဖမ်းစက်လှေ ထွက်ကြသူများအားလုံး နီးပါး သေဆုံးခဲ့သောကြောင့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ သုံးပုံ ၁ ပုံခန့် သေဆုံးခဲ့သော ရပ်ကွက်ဖြစ်ကြောင်း၊ နာဂစ်မုန်တိုင်းပြီးကတည်းက ရေဒီယိုလှူသော စေတနာ အလှူရှင်တချို့၏ ကျေးဇူးကြောင့် လူတိုင်းနီးပါး ရေဒီယို နားထောင်လာကြကြောင်း ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့က ဘစ်ဂျလိမုန်တိုင်းနှင့် ပတ်သက်ပြီး အစိုးရမိုးလေ၀သဌာန၏ မုန်တိုင်းသတိပေးချက် ထွက်ရှိပြီးကတည်းက နာဂစ်မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ကြရသူများမှာ ကြောက်လန့် နေကြရကြောင်း သိရသည်။

“အဲဒီသတင်းထွက်ကတည်းက နာဂစ်လာဦးမယ်တဲ့ ဆိုပြီး အော်ငိုတဲ့သူက ငို၊ ရန်ကုန်တက်မယ်၊ ရန်ကုန် တက်မယ် ဆိုပြီး ကြောက်အားလန့်အားနဲ့ အထုပ်ဆွဲတဲ့သူက ဆွဲပေါ့။ တလောကလုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တာပဲ ဘုန်းဘုန်းကြီးက လော်စပီကာနဲ့ အော်ပြီး တရားချတာတောင်မှ မရဘူး၊ အားလုံး ကြောက်နေကြတာ” ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရေတိမ်ကျေးရွာသူ တဦးက ပြောဆိုသည်။

အဆိုပါ ရေတိမ်ကျေးရွာမှာ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်သွား ကားလမ်းနဘေး လှေဆိပ်မှ စက်လှေနှင့် မိနစ် ၂၀ ကျော်ကြာအောင် သွားရသော ကျေးရွာဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ကြရပြီး ရွာရှိလူ၏ ထက်ဝက်ခန့်မှာ နာဂစ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ဒေါ်သူဇာလိုပင် မုန်တိုင်းလာဦးမည်ဟု သတင်းကြားကတည်းက ကြောက်ရွံ့စိတ်ဖြင့် သံသေတ္တာထဲ ၀င်ပုန်းနေခဲ့သော အသက် ၇ နှစ်အရွယ်ကလေးငယ်တဦးလည်း ရှိသည်။

အဆိုပါ ကလေးငယ်မှာ ရေလုပ်သားမိသားစုမှ မွေးဖွားလာခဲ့သူဖြစ်ပြီး နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့သော ကျေးရွာသား ၂၀၀ ကျော်တွင် ကလေး၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရှိရသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က သူ့အဘိုးဖြစ်သူမှာ သူ့ကို သေတ္တာထဲ ၀င်ခိုင်းပြီး သေတ္တာထဲတွင်နေမှ အသက်ရှင်မယ်ဟု ပြောခဲ့ကာ ထိုကလေးကို သေတ္တာထဲ ထည့်ပေးခဲ့သည့်အတွက် ကလေးမှာ မုန်တိုင်း တိုက်ခတ်နေစဉ် ကာလ တလျှောက်လုံး သေတ္တာထဲမှ နေပြီး အသက်ရှင်ခွင့်ရခဲ့သည်။

သူ့ကို သေတ္တာထဲ ထည့်ပေးခဲ့သူ အဘိုးကတော့ မုန်တိုင်းကြောင့် သေဆုံးသွားခဲ့ပြီး ကလေးမှာ မိုးရွာသည့် အခါနှင့် ယခုလို မုန်တိုင်းလာမည် ဟု သတင်းကြားသည့်အခါများတွင် သေတ္တာထဲ ၀င်နေလေ့ရှိကြောင်း ကလေး၏ အဒေါ်တော်စပ်သူ တဦးက ပြောပြခဲ့သည်။

ယာယီတဲများနှင့် နေနေရဆဲ နာဂစ်ဒုက္ခသည်များ (ဓာတ်ပုံ - ကြည်ဝေ၊ ဧရာဝတီ)

“ရေဒီယိုက သတင်းလာပြီးကတည်းက ၀င်နေတာ၊ တော်တော်နဲ့ မထွက်တော့ဘူး။ မုန်တိုင်း မလာတော့ဘူးလို့ သတင်းတွေထွက်တဲ့ ၁၉ ရက်နေ့ ညနေပိုင်းမှာ သူ့ကို မနည်းချော့ပြီး အပြင်ထုတ်ရတယ်။ အဲဒါတောင် ညကျတော့ အဲဒီသေတ္တာထဲ ၀င်အိပ်နေသေးတယ်” ဟု ကလေး၏ အဒေါ်က ဆိုသည်။

မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့အတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းရှိ လူပေါင်း ၈၄၅၃၇ ဦးသေဆုံးခဲ့ပြီး ၅၃၈၃၆ ဦး ပျောက်ဆုံးဆဲဖြစ်ကာ အဆိုပါ ဒေသများမှ အဆောက် အအုံများ၊ စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။

ယခုအခါ နာဂစ်ကြောင့် အသက်မသေဘဲ ကျန်ရစ်သူများမှာ မုန်တိုင်းလာမည်ဟု သတင်းကြား ကတည်းက ကြောက်လန့် နေခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ကစ၍ မိုးသည်း၊ လေထန်သည်နှင့်ပင် ကြောက်လန့်တကြား အော်ငိုသူက ငို၊ ပလတ်စတစ်ဂါလန်ပုံးဆွဲသူက ဆွဲ၊ သွေးရူးသွေးတန်း လှေပေါ်တက်သူက တက်နှင့် သွေးပျက်ခဲ့ကြကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ ချောင်းကြီးကျေးရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တဦးကလည်း မိုးကြိုကာလဖြစ်သည့် မုန်တိုင်းကာလအတွင်း မုန်တိုင်းအနည်းဆုံး ၆ ခုခန့် ၀င်ရောက် နိုင်သည် ဆိုသည့် သတင်းကြောင့် မုန်တိုင်းကို ကြောက်ကာ ချောင်းကြီးရွာတွင် မနေရဲတော့ဘဲ ရန်ကုန်မြို့ရှိ မိတ်ဆွေ တဦးနေအိမ်တွင် ခေတ္တခဏလာရောက် ခိုအောင်းနေကြောင်း သိရသည်။

သူ့လိုပင် မုန်တိုင်းကြောက်သောကြောင့် ပြင်စလူတွင် နေထိုင်သူများနှင့် ပင်လယ်ဝနှင့် နီးသော ကျေးရွာများတွင် နေထိုင်ကြသူများမှာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ၎င်းတို့နှင့် နီးစပ်ရာ လပွတ္တာ၊ မြောင်းမြ၊ ကျိုက်လတ်စသည့် ဆွေမျိုးများရှိရာ မြို့များသို့ ပို့ထားကြသည်။

ရွာတွင် နေခဲ့သူတချို့ကလည်း ပလတ်စတစ် ဂါလန်ပုံးလွတ်များကို လိုက်လံ စုဆောင်းထားကြပြီး ရာသီဥတုကို အရင်ကထက် ပိုမို သတိထား စောင့်ကြည့်လာကြသည်ဟု အဆိုပါ အမျိုးသမီးက ပြောဆိုသည်။

“ကျမတို့ ရေဒီယိုလည်း နားထောင်တယ်၊ ပြီးတော့ မိုးရွာတာ လေတိုက်တာကအစ ဘယ်လိုနေလဲ၊ မုန်တိုင်း လာနိုင်သလား ဆိုတာ ဂရုတစိုက်ကြည့်တယ်၊ ခုချိန်မှာ မုန်တိုင်းဆိုတဲ့အသံ ဘယ်သူမှ မကြားချင်ဘူး၊ မုန်းတယ်၊
ကြောက်တယ်၊ ကျမ အကိုတွေ မောင်တွေ သေခဲ့တာလည်း မမေ့ဘူး၊ လူတွေအများကြီး သေခဲ့တာကိုလည်း မေ့မရပါဘူး” ဟု သူက စကားပြောနေရင်း ငိုသည်။

မုန်တိုင်းဆိုသည့် အသံကြားလျှင် ဦးတည်ရာမဲ့ ပြေးကြ၊ လွှားကြနှင့် သူတို့၏ အဖြစ်မှာ မြင်ရသူများအဖို့
စိတ်မကောင်းဖွယ်ရာဖြစ်ကြောင်း ဧရာဝတီတိုင်း၊ လပွတ္တာဒေသအတွင်း နာဂစ်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိသော
ကိုကျော်ကိုကိုက ပြောပြသည်။

“မုန်တိုင်းဆိုရင် သူတို့က ပြေးဖို့ ပြင်တော့တာပဲ၊ အဲလိုဖြစ်တာလည်း အပြစ်မပြောနဲ့ သူတို့အဖြစ်အပျက်တွေက တော်တော်ကို ဆိုးရွားခဲ့တာ။ အဲဒါတွေထဲကနေ သူတို့ နဂိုအတိုင်းပြန်ဖြစ်ဖို့ ဆိုတာ သိပ်မလွယ်ဘူး။ ပြီးတော့ ကျနော်တို့ ဆီမှာ သူများနိုင်ငံတွေလို စိတ်ဒဏ်ရာ ကုပေးတာမျိုးတွေလည်း မရှိတော့ ပိုဆိုးတာပေါ့” ဟု သူက ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့သူများ၏ စိတ်ဒဏ်ရာကို လိုက်လံ ကုသပေးသော အဖွဲ့အစည်းတချို့ရှိသည်ဟု သိရသော်လည်း လူနာဦးရေနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးလှသည်ကို တွေ့ရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ တချို့ဒေသများသို့ စိတ်ဒဏ်ရာ လိုက်လံကုသပေးခဲ့သော ငြိမ်း ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း လူငယ်တဦးက ၎င်းတို့အဖွဲ့အနေနှင့် နာဂစ်ဖြစ်ပြီး နောက်ပိုင်း ကျေးရွာများအထိ ကွင်းဆင်း ကုသပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ရွာတရွာတွင် နှစ်ပတ်မျှ နေထိုင်၍ ဒေသခံများနှင့် စကားပြော ကုသခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုသည်။

“ကျနော်တို့အဖွဲ့က တော်တော်များများက စေတနာ့ဝန်ထမ်းတွေ ဆိုတော့ လုပ်ပေးနိုင်တဲ့ အချိန်ကာလကလည်း အတိုင်းအတာ ရှိတာပေါ့နော်။ တောက်လျှောက် လိုက်ကုပေးဖို့ ကျတော့လည်း ကျနော်တို့မှာ တခြား အခက်အခဲ တွေ ရှိတော့ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့တဲ့ အနေအထားပဲ ရှိပါတယ်” ဟု သူက ဆိုသည်။

တနှစ်ကြာသည်အထိ အမိုးအကာ အတည်တကျ မရှိသေးသော မြစ်ဝကျွန်းပေါ်ဒေသ နာဂစ် ဒုက္ခသည် တံငါသည်များ (ဓာတ်ပုံ - ကြည်ဝေ၊ ဧရာဝတီ)

၎င်းတို့အဖွဲ့အနေနှင့် နေရာဒေသတခုတွင် အချိန် ၂ ပတ်ကြာ နေထိုင်ပြီး ကုသပေးခဲ့သော်လည်း ထို ၂ ပတ် ဆိုသည့်အတိုင်းအတာမှာ ကုသမှုအနေနှင့် မပြောပလောက်ကြောင်း၊ ကုသမှုပေးသည့် အဖွဲ့အစည်းမှာလည်း နာဂစ်ကြောင့် ထိခိုက်ခဲ့သူ လူဦးရေနှင့်စာပါက အလွန် နည်းပါးသည်ကို တွေ့ရကြောင်း၊ ကုသမှု များကိုလည်း အချိန်အတိုင်းအတာ တခုထိသာ ဆောင်ရွက်ကြသည်ကို တွေ့ရပြီး ယခုကဲ့သို့ မုန်တိုင်း ကာလများတွင် ပိုမို ကုသမှု ပေးရန် လိုအပ်ကြောင်း သူက ပြောဆိုသည်။

မုန်တိုင်းဒဏ်သင့် ဒေသများသို့ ရွှေ့ပြောင်း ဆေးခန်းအနေနှင့် လိုက်လံ ဆေးကုသပေးလျှက်ရှိသော ရန်ကုန်မြို့မှ ဆရာဝန်တဦးကလည်း ၎င်း သွားရောက်ကုသခဲ့သော ဒေသများမှ လူနာအများစုသည် မုန်တိုင်းပြီးစဉ်က လှူဒါန်း ထားကြသည့် တာပေါ်လင်မိုးအောက်၌ မလုံမခြုံနေထိုင်နေရဆဲ ဖြစ်သည့်အပြင် အ၀တ်အထည်၊ အစား အသောက် စသဖြင့် ချို့တဲ့နေဆဲဖြစ်သည့်အတွက် စိတ်ပူရသည့် အခြေအနေမျိုးဖြစ်ကြောင်း ပြောဆိုသည်။

“စိတ်နဲ့ ရုပ်ဆိုတာ တွဲနေတာပါ။ စိတ်ကျန်းမာမှ လူကျန်းမာနိုင်သလို လူကျန်းမာမှလည်း စိတ်ကျန်းမာလာအောင် ကုသနိုင်မယ်၊ သူတို့တွေမှာ ကျနော် မြင်ရသလောက် လိုအပ်နေတာတွေက အများကြီးပဲ။ နေထိုင်စရာ အမိုး အကာ လုံလုံခြုံခြုံ၊ စားစရာ အစားအစာ၊ အ၀တ်အထည် အားလုံး လိုအပ်နေသေးတယ်၊ အဲဒါတွေကို ပြည့်စုံ အောင် မဖြည့်ဆည်းပေးနိုင်သရွေ့ သူတို့တွေ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး” ဟု အဆိုပါ ဆရာဝန်က သုံးသပ်ဝေဖန်သည်။
read more “ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ”

တနှစ်ပြည့်မှ အမျှဝေရတယ်

0 comments
(From Irrawaddy) Wednesday, 29 April 2009 19:37 ( ကြည်ဝေ)

တရွေ့ရွေ့သာ သွားလာ လှုပ်ရှား နိုင်သော အသက် ၆ဝ ကျော် ခပ်ပိန်ပိန် အဘိုးအိုသည် တောင်ဝှေး တချောင်းကို ထောက်ရင်း ကွမ်းခြံကုန်း မြှို့နယ်အတွင်း မိတ်ဆွေများထံ သွားရောက်၍ ငွေကြေး အကူ အညီ တောင်းခံနေသည်။
၂ဝဝ၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် သေဆုံးသွားသည့် သားနှစ်ယောက် အတွက် တနှစ်ပြည့် ဆွမ်းသွတ် အမျှပေးနိုင်ရန် အကူအညီ တောင်းနေရခြင်း ဖြစ်ကြောင်း အဘိုးညိုက ပြောပြသည်။

“သားတယောက်က အသက် ၃ဝ လောက်ရှိပြီ၊ နောက် သားတယောက်ကတော့ အသက် ၁၄ နှစ်ပဲ ရှိသေး တယ်၊ နာဂစ်ထဲ ပါသွားတာ သက်ပျောက်ဆွမ်းတောင် မကျွေးနိုင်ခဲ့လို့၊ ခု တနှစ် ပြည့်တော့မယ် ဆိုတော့ သူတို့ အတွက် ဆွမ်းသွတ် အမျှဝေပေးချင်လို့” ဟု မေးရိုးများ တုန်ခါမှုကို ထိန်းရင်း တလုံးချင်း ဖြည်းဖြည်း ပြောပြခဲ့သည်။

ငါးဖမ်း ဆင်းခဲ့သော သားနှစ်ယောက်မှာ စက်လှေနှင့်အတူ ပျောက်ဆုံး စာရင်း ဝင်ခဲ့ပြီး အိမ်တွင် ကျန်ရစ်ခဲ့ကြသော သူနှင့်အတူ သမီးနှင့် ဇနီးသည်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

နာဂစ် မုန်တိုင်းကြောင့် သေဆုံးသွားခဲ့ရသော သားနှစ်ယောက်အတွက် သက်ပျောက်ဆွမ်း မကျွေးနိုင်ခဲ့သည်ကို စဉ်းစားမိတိုင်း ရင်နာခဲ့ရကြောင်း၊ သားအငယ်လေးမှာ ညဘက်တွင် အမေဖြစ်သူ ဘေးမှာပင် ခေါင်းထိုးပြီး ဝင်အိပ် နေသည်ဟု ခံစားခဲ့ရသည်မှာ ယနေ့ထိပင် ဖြစ်သည်၊ မကျွတ် မလွတ်ဘဝမျိုးမှ ကူးပြောင်းစေရန် ခုလို ဆွမ်း သွတ်နိုင်ဖို့ အားထုတ်ကြခြင်းဖြစ်ကြောင်း အဘိုး၏ ဇနီးသည်က ပြောပြသည်။

“တသက်နဲ့ တကိုယ် တခါမှလည်း တောင်းမစားခဲ့ပါဘူး၊ မရှိရင်လည်း အငတ်ပဲ ခံခဲ့တာပါ၊ သူတို့ ဘဝကူး ကောင်းအောင် လုပ်ပေးမှ ဖြစ်မယ် ဆိုပြီး ကျုပ်တို့ လင်မယား အရဲစွန့်ပြီး တောင်းကြတာပါ။ သမီးတောင် မသိပါဘူး၊ သိရင်လည်း တားမှာ ဆိုတော့ မသိအောင်ဘဲ ထားတယ်” ဟု အဘိုးအို၏ ဇနီးဖြစ်သူ အသက် ၅ဝ ဝန်းကျင် အမျိုးသမီးကြီးက ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များကို အင်္ကျီ လက်မောင်းနှင့် တို့ပြီး ပြောသည်။

သား နှစ်ယောက် နှင့် အတူ စက်လှေနှင့် ပိုက်များ ဆုံရှုံးခဲ့ရသလို၊ နေအိမ်လည်း ပြိုလဲခဲ့သောကြောင့် သူတို့ မိသားစုမှာ အခြေအနေ ပျက်ကာ ယခုအခါ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ အတွင်း တဲအိမ်နှင့်သာ ဖြစ်သလို နေထိုင်လျက်ရှိသည်။

သမီးဖြစ်သူက ရန်ကုန်မြို့ပေါ်မှ ထီဆိုင်တခုတွင် အရောင်းစာရေး ဝင်လုပ်နေသည်။ သမီး၏ ဝင်ငွေမှာ နည်းပါးလှသောကြောင့် သူတို့ မိသားစု စားဝတ်နေရေး အတွက်ပင် အခက်အခဲ ဖြစ်လှကြောင်း အဘိုးညို၏ ဇနီးသည်က ပြောပြသည်။

“ဒီတဲလေး ဆောက်တုန်းကလည်း ငွေချေးပြီး ဆောက်ရတော့ အကြွေးတွေလည်း ရှိတယ်၊ အဲဒါကြောင့် အရင်တုန်းက ခင်ခဲ့တဲ့ မိတ်ဆွေတွေ ဆီကနေ လိုက်ပြီး အကူအညီ တောင်းကြည့်တာပါ” ဟု သူက ပြောဆိုသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ထုံးစံအရ သေဆုံးသူအတွက် ကျန်ရစ်သူ မိသားစုက ရဟန်းသံဃာများအား ပင့်ဖိတ်၍ ဆွမ်းကပ်ပြီး အမျှအတန်း ပေးဝေကြသည်။ သေဆုံးပြီး ၇ ရက်အတွင်း ဆွမ်းသွတ်ကြခြင်းဖြစ်သည်။ နာဂစ် ဒုက္ခသည် အတော်များများသည် သေဆုံးသွားသော ၎င်းတို့၏ မိသားစုဝင်များအတွက် ဆွမ်းသွတ်နိုင်ခြင်း မရှိသေးပေ။

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ သရက်သုံးပင် ကျေးရွာမှ ဒေါ်မြမြကလည်း သေဆုံးသူများ အတွက် ဆွမ်းသွတ်လိုကြောင်း၊ သို့သော်လည်း ဝင်ငွေ တပြားမှ မရှိသည့်အတွက် မည်သို့လုပ်ရမည်ကို မသိသေးကြောင်း ပြောဆိုသည်။

ဒေါ်မြမြ နေထိုင်သော သရက်သုံးပင် ကျေးရွာမှာ ဗိုလ်ချုပ်လွန်းသီ နေထိုင် ကြီးပြင်းခဲ့သောရွာ ဖြစ်သောကြောင့် အထောက်အပံ့ အပြည့်အစုံ ရသည်ဟု သိရှိရသည်။

အသစ် ဆောက်ထားသော အိမ် အလုံး ၂ဝ ကျော်၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ အများပိုင် တီဗီ၊ ရေဘုံဘိုင် ၂ ခု၊ ရေသန့်စက်ကြီး ၁ လုံး၊ စက်လှေ ၄ စင်း၊ လယ်ထွန်စက် ၅ စီး ရရှိထားသည်ဟု သိရသည်။ မြန်မာ့ ရုပ်မြင် သံကြား ရိုက်ကူးရေးအဖွဲ့က မကြာခဏ လာရောက်သည်ဟု ဆိုသည်။ ရွာဆိုင်းဘုတ်ကို ဖြုတ်ခြင်း၊ တပ်ခြင်း လွယ်ကူစေရန် စီစဉ်ထားကြောင်း၊ ရုပ်သံအဖွဲ့များ လာသည့်အခါ အဆိုပါ ဆိုင်းဘုတ် ငုတ်တိုင် အတွင်း နာဂစ် ထိခဲ့သော ရွာအမည် ရေးထားသည့် ဆိုင်းဘုတ်များကို တခုပြီး တခုထည့်ကာ ရိုက်ကူးခဲ့ကြောင်း သူက ပြောဆိုသည်။

“ရုပ်မြင်သံကြား အဖွဲ့တွေက အိမ်တွေ ကို ရှေ့ကရိုက်၊ နောက်ကရိုက်နဲ့ ပြီးတော့ စစ်တပ်လည်း ရှိတော့ စစ်တပ်က လူတွေ လယ်ထွန်တာလည်း ရိုက်တယ်၊ ရွာက လူတွေ တီဗီ ထိုင်ကြည့်တာတွေ၊ စာကြည့်တိုက်မှာ စာဖတ်ကြတာတွေလည်း ရိုက်တယ်”ဟု သူမက ဆိုသည်။ ရွာသူ ရွာသားများလည်း ရုပ်သံ ရိုက်ကူးရေးတွင် ပါဝင်နိုင်ရန် အဝတ်အစားသစ်များ ရကြသည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းအတွင်း ရွာရှိလူဦးရေ၏ ထက်ဝက်ခန့် သေဆုံးခဲ့ရသောရွာ ဖြစ်သည်။ ယခုအခါ အာဏာပိုင်တို့က ကျန်ရစ်သူများအား လယ်လုပ်ငန်း ဆက်လက် လုပ်ကိုင် စေ၍ မုန်တိုင်းပြီးချိန်မှ ယနေ့တိုင် စစ်တပ်ချထားပြီး လုံခြုံရေး တင်းကျပ်ထားသော ရွာဖြစ်ကြောင်း သိရသည်။

“ကိုယ့်အိမ်သားတွေအတွက် လုပ်ပေးချင်တယ်၊ ပိုက်ဆံလည်း တပြားမှ မရှိဘူး၊ ခုထိ သူတို့ ပေးတဲ့ ဆန်နဲ့ စားနေရတော့ ဘာလုပ်ရမှန်း မသိသေးဘူး၊ ရွာအနေနဲ့ ပေါင်းပြီး လုပ်ပေးမယ်လို့တော့ ကြားတယ်၊ အဲလို ပေါင်းလုပ်တာထက် ကိုယ့်မိသားစုအတွက် ကိုယ်လုပ်၊ သူ့မိသားစု အတွက် သူလုပ် အဲဒါမျိုးပဲ လုပ်ချင်တယ်” ဟု ဒေါ်မြမြက ပြောသည်။

ယခင်က ခင်ပွန်းသည် သားသမီးများနှင့် နေခဲ့ရသူ ဖြစ်ပြီး၊ ယခုကဲ့သို့ မိသားစုဝင်များမရှိ၊ အလုပ်အကိုင်မရှိ၊ ဝင်ငွေလည်း မရှိသော ဘဝတွင် မည်ကဲ့သို့ အသက်ရှင် နေထိုင်ရမည် ဆိုသည်ကိုပင် မတွေးဆ နိုင်တော့ကြောင်း၊ နောက်ဆုံး ဝင်ငွေ တပြားမှ မရှိသော်လည်း ဆွမ်းသွတ်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောပြသည်။

ခွဲတမ်းရထားသော စောင် ၂ ထည်၊ ခြင်ထောင်၊ မိုးရေခံသည့် ကန်၊ ဒန်အိုးတစုံ အပါအဝင် ထောက်ပံ့ ပစ္စည်းများအား ကွမ်းခြံကုန်း ဈေးသို့ သွားရောက် ရောင်းချမည်ဟု ဆိုသည်။

“ကိုယ့်မိသားစုထဲက လုပ်တော့ အမျှဝေတဲ့အခါ နာမည်တပ်ပြီး ဝေလို့ရတယ်” ဟု ဒေါ်မြမြက ဆိုသည်။

အခြား ဒုက္ခသည်များလည်း ဆွမ်းသွတ်ရေးအတွက် နည်းလမ်းမျိုးစုံနှင့် ကြိုးပမ်းနေကြသည်ကို ကရုဏာသက်ဖွယ် တွေ့မြင်ရသည်။


ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှ ရေလုပ်သားများ ဖြစ်သော ကိုကျော်ခင်နှင့် မပြုံးပြုံးရီ တို့ကလည်း နာဂစ်အတွင်း သေဆုံးသွားသော မိခင်အိုနှင့် သမီးလေးအတွက် တနှစ်ပြည့်ချိန်တွင် ဆွမ်းသွတ် အမျှဝေရန် စုဆောင်းခဲ့ သော်လည်း စားစရိတ်ထဲ အချို့တဝက် ပါသွားသဖြင့် အခက်အခဲ တွေ့နေသည်။

“ကျမတို့ နေ့တိုင်း စုခဲ့တာပဲ။ ဒီမတိုင်ခင် အငယ်ဆုံးကလေး ဖျားတာနဲ့ ဆေးဖိုးထဲ ပါကုန်တာရော၊ ဒီရက်ထဲမှာ မုန်တိုင်းလာမယ်လို့သတင်းတွေ ကြားတော့ ရေထဲ မဆင်းရတာနဲ့ စားစရိတ်ထဲ ပါကုန်တာရော ဆိုတော့ ငွေက ပဲ့ပါကုန်ရော” ဟု မပြုံးပြုံးရီက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

သူတို့သည် မုန်တိုင်းအတွင်း လှေနှင့် ပိုက်များ ဆုံးရှုံးခဲ့ရသူများလည်း ဖြစ်သည်။ အလှူရှင် အဖွဲ့အစည်းများက အထောက်အပံ့ ပစ္စည်းများ ပေးရာတွင် လှေသာ ရပြီး ငါးဖမ်းပိုက် မရသော မိသားစု ဖြစ်သည်။ ထို့ကြောင့် ငါးဖမ်းပိုက် ရရှိထားသော မိသားစုနှင့် အတူ ပေါင်းပြီး ငါးဖမ်းနေရသည်။ ရရှိသည့် ဝင်ငွေကို မိသားစု နှစ်ခု ဝေမျှစားရခြင်းဖြစ်သောကြောင့် ဝမ်းရေး အတွက်ပင် အဆင်မပြေလှဟု သိရသည်။

မုန်တိုင်းထိခဲ့သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ရေလုပ်သား အများစုမှာ အထောက်အပံ့ ပစ္စည်း ပြည့်စုံစွာ မရရှိကြဟု သိရသည်။

လပွတ္တာမြို့နယ်၊ ပိတောက်ကုန်း ကျေးရွာသား ကိုဇော်ဇော်ကလည်း နာဂစ်ကြောင့် မိသားစုဝင် ၅ဦး သေဆုံးခဲ့ရသော အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသူဖြစ်သည်။ ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင်တခုတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ရာ၊ တနှစ်ပြည့်ချိန်တွင်မူ သေဆုံးသူများအတွက် ဆွမ်းသွတ် အမျှဝေရန် ရွာပြန်မည် ဖြစ်ကြောင်း ပြောဆိုသည်။

“တနှစ်ပြည့် ဆွမ်းတော့ ဖြစ်အောင် လုပ်ပေးမယ်၊ ရွာမှာ ကျန်ခဲ့တဲ့ ညီကပြောတာ အဖေက မကျွတ်ဘူးထင်တယ် တဲ့ အဖေတို့အတွက် သူ အလှူလုပ်ချင်တယ်လို့ အမြဲပြောတယ်၊ ၃ လပြည့်တုန်းကလည်း မလုပ်နိုင်ဘူး။ ၆ လ ပြည့်လည်း မလုပ်နိုင်ခဲ့တော့ တနှစ်ပြည့်တော့ ဖြစ်အောင်လုပ်မယ်လို့ မှန်းထားတယ်” ဟု သူကဆိုသည်။
လစဉ် အသုံးစရိတ်ချွေတာပြီး စုဆောင်းခဲ့သည်ဟု ပြောသည်။

မုန်တိုင်းကြောင့် နှမတယောက် ဆုံးရှုံးခဲ့ရသည့် လယ်သမားတဦးကလည်း လယ်ကွင်းအတွင်း ဆားငန်ရည် ဝင်ရောက်မှုကြောင့် စပါးစိုက်ချိန် နောက်ကျသည့်ကြားမှ တနှစ်ပြည့် ဆွမ်းသွတ် အလှူအတွက် အားခဲထားကြောင်း ပြောပြသည်။

“ရတဲ့ မျိုးတွေက မကောင်းတဲ့အပြင် ထွန်စက်ကလည်း မရလို့ အငှားစိုက်ရတော့ စပါးထွက်နှုန်းက အရမ်းကျ တယ်၊ အရင်နှစ်ကထက် ၂၅ ရာနှုန်းပဲ ရတယ်၊ ဒါ့အပြင် ဈေးတွေလည်းကျတော့ ကျနော့်မှာ အကြွေးတွေချည်းပါပဲ၊ ဒါပေမယ့် ညီမလေးအတွက် တနှစ်ပြည့် ဆွမ်းတော့ ဖြစ်အောင် ကပ်ရမှာပေါ့” ဟု သူက ပြောဆိုသည်။

နာဂစ်ကြောင့် သူတို့၏ မိသားစု၊ လူနေမှုဘဝများ ပျက်စီးကုန်သည်။ သို့သော်လည်း ယခုအချိန်တွင် သူတို့ အားလုံး၏ အပြင်းပြဆုံးသော မျှော်လင့်ချက်သည် သေဆုံးသွားသူများအတွက် ဆွမ်းသွတ် အမျှဝေနိုင်ရေးသာ ဖြစ်နေသည်ကို တွေ့ရှိရလေသည်။ ။
read more “တနှစ်ပြည့်မှ အမျှဝေရတယ်”

စည်ပင်ငွေနှင့် ကြံ့ဖွံ့အတွက် စည်းရုံး ရန်ကုန်မြို့တော်ဝန်စည်းရုံးရေး မအောင်မြင်

0 comments Friday, April 3, 2009
http://www.khitpyaingnews.org/image/news/march_09/NT-108.gifNEJ / မတ်လ(၂၇) ရက်၊ ၂၀၀၉
line


ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် အများပြည်သူထံမှ ကောက်ခံထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ပိုင် ငွေများဖြင့် ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံးမှုများ လုပ်နေကြောင်း အင်းစိန်မြို့နယ်အတွင်း နေထိုင်သူ မြို့ခံများက ပြောသည်။

မြို့ခံတဦးက “ပြီးခဲ့တဲ့အပတ်က ကျနော်တို့ မြို့နယ်ကို ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း လာတယ်။ သူလာတာက ကြံ့ဖွံ့အနေနဲ့ လာတာ။ သူနဲ့အတူ သူတို့နဲ့ စီးပွားရေး ပေါင်းလုပ်နေသူ လုပ်ငန်းရှင်တွေလည်းပါတယ်။ မြို့နယ်က ရပ်မိရပ်ဖတွေနဲ့ တွေ့တယ်။ သူက ဘာလိုသလဲ၊ ဘာလုပ်ပေးရမလဲ မေးတယ်။ ရပ်မိရပ်ဖတွေက စာသင်ကျောင်းတွေ လုပ်ပေးပါ၊ လမ်းတွေ ကောင်းအောင် လုပ်ပေးပါဆိုပြီး ပြောတယ်။ ဒါနဲ့ သူက နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းစဉ်မူဝါဒ
ဆက်ဖက်ရန်.....>>>>>.....
read more “စည်ပင်ငွေနှင့် ကြံ့ဖွံ့အတွက် စည်းရုံး ရန်ကုန်မြို့တော်ဝန်စည်းရုံးရေး မအောင်မြင်”

ကုလပိုင်ပစ္စည်းများကို အစိုးရရုံးနှင့် အန်ဂျီအိုများက အလွဲသုံးစားလုပ်မှု ပေါ်ပေါက်

0 comments
မြန်မာနိုင်ငံရှိ (UNHCR) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးခွဲအပြင် အဆိုပါရုံးအတွက် အကောင်အထည်ဖော်လုပ်ကိုင်နေသည့် အန်ဂျီအိုရုံး (၃) ခုအား ကုလစာရင်းစစ်အဖွဲ့က စစ်ဆေးရာ ပိုလျှံဝန်ထမ်းခန့်ထားမှု၊ စာချုပ်မရှိဘဲ ငွေထုတ်ပေးမှု၊ လောင်စာဆီလက်ကျန်ကွာဟမှု စသည်တို့ တွေ့ရကြောင်း ကုလစာရင်းစစ်အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။http://www.khitpyaing.org/image/news/march_09/UNHCR-title.gif

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအစီရင်ခံစာကို ၂၀၀၅ ခု သြဂုတ် (၂၆) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စာရင်းစစ် နီကိုလေး ဂရီဂိုရိဗ်နှင့် ဂါမာဂျီနာတို့က ပြုစုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ UNHCR ရုံးကို ၂၀၀၅ ခုနှစ် မေလက စာရင်းစစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်ကြား ဒေါ်လာ (၄) သန်းကျော်သုံးစွဲခဲ့သည့် လုပ်ငန်းများကို စစ်ဆေးခဲ့သည်။

UNHCR ရုံးနှင့် ဆက်သွယ်လုပ်ကိုင်နေသည့် Bridge Asia-Japan (BAJ) အန်ဂျီအိုရုံးတွင် ၀န်ထမ်းများပိုလျှံစွာ ခန့်ထားသည်။ BAJ ရုံးသည် တနှစ်ကို ဒေါ်လာသန်းဝက်မျှသာ သုံးစွဲသည့်ရုံးဖြစ်သော်လည်း Program မန်နေဂျာ တဦး၊ လက်ထောက်တဦး၊ ဘဏ္ဍာရေးအရာရှိအပြင် စာရင်းစစ်နှစ်ဦး ခန့်ထားသည်ကို တွေ့ရကြောင်း ကုလစာရင်း စစ်အဖွဲ့ အစီရင်ခံစာမှာ ထောက်ပြထားသည်။ ထို့ပြင် BAJ အန်ဂျီအိုသို့ လွှဲပြောင်းပေးသည့် UNHCR ရုံးပိုင် ပစ္စည်းများ စာရင်းမှာလည်း မောင်းတောရှိ BAJ ရုံးစာရင်းနှင့်ကွာနေကြောင်း စာရင်းစစ်များက ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနက သုံးစွဲနေသည်ဆိုသည့် ရန်ကုန် UNHCR ရုံးပိုင်ဆိုင်သည့် တလုံး ဒေါ်လာ (၃,၀၀၀) နီးပါးတန်သည့် ကွန်ပျူတာ (၁၀) လုံးဆိုသည်ကိုလည်း ရှာမတွေ့ ခဲ့ကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

၎င်းပြင် ရခိုင်ပြည်နယ် မောင်းတောအခြေစိုက် မြန်မာကြက်ခြေနီအဖွဲ့ရုံးအတွက် ပေးထားသည့် UNHCR ကားကိုလည်း ရန်ကုန် မြန်မာကြက်ခြေနီရုံးက အလုပ်အမှုဆောင်လူကြီးက သုံးနေကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ UNHCR ရုံးအတွက် လိုအပ်သည့် ၀န်ထမ်းများ (အဓိက လုံခြုံရေးဝန်ထမ်းများ) ကို ရန်ကုန်မှ A&A Natural Resources Development ကုမ္ပဏီက ရှာဖွေပေးသည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီနှင့် ရန်ကုန် UNHCR ရုံးတို့ စတင်လုပ်ကိုင်ခဲ့ပြီး ထိုကုမ္ပဏီကို UNHCR မှ ဒေါ်လာ (၁၀၅,၀၀၀) ပေးထားပြီးသည့်တိုင် UNHCR နှင့် A&A Natural Resources Development ကုမ္ပဏီတို့ကြား စာချုပ်စာတမ်း လက်မှတ်ရေးထိုးထားခြင်း မရှိသည်ကိုလည်း ကုလစာရင်းစစ်များက အပြစ်တင်ထားသည်။

၂၀၀၄ ခုနှစ်တွင် UNHCR ရုံးပိုင် ဒေါ်လာ (၁၀,၇၃၆) တန်ဖိုးရှိပစ္စည်းများအား မြန်မာလူ့အခွင့်အရေး ကော်မရှင်ရုံးသို့ ငှားရမ်းသည့်အနေဖြင့် လွှဲပြောင်းပေးခဲ့သည်။ သို့သော် (၂၁) လစာ ဒေါ်လာ (၄,၂၀၀) သာ UNHCR က လက်ခံရခဲ့ပြီး ကျန်ပိုင်ဆိုင်မှုများကို ကုလစာရင်းစစ်များက စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်း၊ အကြောင်းမှာ မြန်မာလူ့အခွင့်အရေး ကော်မရှင်ရုံးကို နိုင်ငံရေးအခြေအနေအရ ပိတ်လိုက်ရ၍ ရုံးပစ္စည်းများကို အခြားသို့ ပြောင်းရွှေ့ထားရကြောင်းသာ မိမိတို့ကို အကြောင်းကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၄ ခု ရန်ကုန် UNHCR ရုံးကို စာရင်းစစ်သည့်အချိန် အဆိုပါရုံး၏တာဝန်မှာ ဘင်္ဂဘားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များ မိမိသဘောဆန္ဒအလျောက် မြန်မာနိုင်ငံပြန်သည့်လုပ်ငန်း ပြီးပြတ်စေရေးနှင့် ပြန်လာသူများအား ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေရာချထားရေး၊ ထိုင်းနိုင်ငံမှ ဒုက္ခသည်များကိုလည်း မိမိသဘောဆန္ဒအလျောက် မြန်မာနိုင်ငံ ပြန်ရေးကိစ္စနှင့် အဆိုပါဒုက္ခသည်များအား နေရာချထားရေး အစီအစဉ်များ ရေးဆွဲရေးအပြင် လူအရွှေ့အပြောင်း ကိစ္စ ဆောင်ရွက်နေသည့် အရာရှိများအတွက် ဒုက္ခသည်ဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးဥပဒေများ နားလည်ရန် ဆောင်ရွက်ရေးတို့ဖြစ်သည်။
read more “ကုလပိုင်ပစ္စည်းများကို အစိုးရရုံးနှင့် အန်ဂျီအိုများက အလွဲသုံးစားလုပ်မှု ပေါ်ပေါက်”

ရွှေ့ပြောင်းမြေနေရာ အင်းစိန်မယက ပွဲစားလုပ်

0 comments
http://www.khitpyaingnews.org/image/news/march_09/NT-110.gifမင်းနိုင်သူ / မတ်လ(၂၇) ရက်၊ ၂၀၀၉
line


အမှတ် (၃) သံမဏိစက်ရုံ ကုန်ကြမ်းသယ် ရထားလမ်းဖောက်လုပ်ရန်အတွက် နေရာရွှေ့ပြောင်းပေးခဲ့ကြရသော အင်းစိန်ဖော့ကန်ရပ်ကွက်မှ မိသားစုအချို့အိမ်မရရှိသေးမှုကို အထက်အာဏာပိုင်များထံ တိုင်ကြားထားသော်လည်း ဖြေရှင်းပေးခြင်းမပြုသည့်အပြင် အင်းစိန်မယကအဖွဲ့ဝင်တချို့က အိမ်ပွဲစားလုပ်နေကြကြောင်း ရွှေ့ပြောင်း ရပ်ကွက်သားတဦးက ပြောသည်။

“အခုနေရာကတော့ ရွှေပြည်သာပိုင်ပေါ့နော်။ ဒါပေမယ့် အင်းစိန်မယကက ဒီဘက်ကို စာရွက်စာတမ်းတွေနဲ့ လွှဲပြောင်းပေးတာမရှိသေးတော့ အခုကိစ္စတွေကို အင်းစိန်မယကတွေက လာရှင်းပေးတယ်။ ရှင်းပေးတာကလည်း အိမ်နံပါတ်ထပ်တဲ့ မိသားစုနှစ်စုကိုခေါ်ပြီး (၁၅) သိန်းတန် မြေနဲ့အိမ်ကို (၁၂) သိန်းနဲ့ရောင်းခိုင်းပြီး တဦး (၆)သိန်းစီ ခွဲပေးတာတဲ့။ ၀ယ်လက်ပါ သူတို့က ခေါ်လာပြီးသား။ ဟိုဘက်မှာတုန်းက လေးတိုင်စင်သမားတွေကတော့ လက်ခံ နိုင်တာပေါ့။ အိမ်ပိုင်နေခဲ့ရတဲ့သူတွေက ဘယ်လက်ခံနိုင်မလဲဗျာ။ အခုထိလမ်းပေါ်မှာ နေနေကြရတယ်” ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းခံအိမ်ခြေ (၄၀၀) ကျော်မှ အိမ်ထောင်စုအချို့ ရယကအဖွဲ့ဝင်များ၏ မသမာမှုများကြောင့် အိမ်မရရှိခဲ့ကြ ၍ အထက်တိုင်ကြားရာ မယက က ယခုကဲ့သို့ ဖြေရှင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ရယကအဖွဲ့ဝင်တွေက သူတို့ပဲ အိမ်နေရာတွေ ပိုယူထားကြတာလေ။ တချို့ဆို ရွေ့ပြောင်းနေရာမှာ အိမ်မရှိဘဲ ဒီဘက်မှာလာပြီး နေရာယူထားကြတယ်။ ရပ်ကွက်က တိုင်တယ်၊ တောတယ် ကြားတော့ ပြီးခဲ့တဲ့ စနေနေ့ နေ့လယ်က ရာအိမ်မှူး ဗလ၊ ၀င်းနိုင်နဲ့ မီးသတ်က တင်လှတို့က သူတို့အပိုယူထားတဲ့ မြေကွက်တွေလာရောင်းတာ ရပ်ကွက်သားတွေက တွေ့တော့ ခဲနဲ့ဝိုင်းထုကြတာ။ သူတို့လည်း ထွက်ပြေးကြရတယ်” ဟု ရွှေ့ပြောင်းသူတဦးက ပြောသည်။

ရယကအဖွဲ့ဝင်များ ခဲနှင့်ထုခံရသော်လည်း ရဲစခန်းသို့တိုင်ကြားခြင်း မရှိကြောင်း၊ ထိုကဲ့သို့မပြုခဲ့သည်မှာ ၎င်းတို့လုပ်ထားသော မသမာမှုများ ပေါ်ပေါက်မည်စိုး၍ ဖြစ်နိုင်ကြောင်း ရပ်ကွက်သားအချို့က သုံးသပ်ကြသည်။

အဆိုပါကိစ္စများအတွက် မတ်လ (၈) ရက်တွင် ရွှေပြည်သာမြို့နယ်မှ မယကအဖွဲ့ဝင်များနှင့် စရဖများက ရပ်ကွက်သားအချို့အား လာရောက်စုံစမ်းမေးမြန်းမှုများပြုခဲ့သော်လည်း နောက်ပိုင်းတွင် အရေးယူခြင်း၊ ရှင်းပေးခြင်း မရှိဘဲ အင်းစိန်မယကမှသာ လာရောက်အိမ်ပွဲစားလုပ်နေသည်ဟု ရပ်ကွက်သားများက ဆိုသည်။
read more “ရွှေ့ပြောင်းမြေနေရာ အင်းစိန်မယက ပွဲစားလုပ်”

မြောက်ဥက္ကလာမှာ ဗုံးကွဲ တဦးသေ

0 comments
http://www.khitpyaingnews.org/image/news/march_09/NT-105.gifNEJ / မတ်လ(၂၇) ရက်၊ ၂၀၀၉
line


မတ်လ (၂၆) ရက် ညနေ (၄) နာရီခန့်အချိန်က မြောက်ဥက္ကလာပမြို့ နယ် (၆) ကွေ့ရှိ တော်ဝင်နန်း တည်းခိုခန်းတွင် ဗုံးတလုံးပေါက်ကွဲရာ လူတဦး ပွဲချင်းပြီးသေဆုံးကာ နောက်တဦးမှာ လက်ဖျံတွင် ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

ရန်ကုန်အေအက်ဖ်ပီသတင်းကမူ (၁) ဦးသေပြီး (၂) ဦးဒဏ်ရာရသည်ဟု ရေးထားသည်။ ယင်းသို့ ဖြစ်ပွားရခြင်းမှာ ဗုံးကို ဖောက်ခွဲရန်ကြံစည်နေစဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်တဦးက ပြောသည်။

နေပြည်တော်တွင် စစ်အစိုးရအခေါ် တပ်မတော်နေ့မကျင်းပမီ တရက်အလို ရန်ကုန်၌ ယခုကဲ့သို့ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို စစ်အစိုးရဘက်က မဖော်ထုတ်နိုင်သေးပေ။

ဗုံးပေါက်ကွဲမှုသည် တရုတ်ကွန်မြူနစ်ပါတီမှ သြဇာရှိ နိုင်ငံရေးသမား လီချန်ချွန်း မြန်မာနိုင်ငံရောက်သည့်အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် စစ်အစိုးရအနေဖြင့် အတော်မျက်နှာပူစရာဖြစ်မည်ဟု ရန်ကုန်နိုင်ငံရေးသမားတဦးက သုံးသပ်သည်။
read more “မြောက်ဥက္ကလာမှာ ဗုံးကွဲ တဦးသေ”

ကုလပိုင်ပစ္စည်းများကို အစိုးရရုံးနှင့် အန်ဂျီအိုများက အလွဲသုံးစားလုပ်မှု ပေါ်ပေါက်

0 comments
မြန်မာနိုင်ငံရှိ (UNHCR) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးခွဲအပြင် အဆိုပါရုံးအတွက် အကောင်အထည်ဖော်လုပ်ကိုင်နေသည့် အန်ဂျီအိုရုံး (၃) ခုအား ကုလစာရင်းစစ်အဖွဲ့က စစ်ဆေးရာ ပိုလျှံဝန်ထမ်းခန့်ထားမှု၊ စာချုပ်မရှိဘဲ ငွေထုတ်ပေးမှု၊ လောင်စာဆီလက်ကျန်ကွာဟမှု စသည်တို့ တွေ့ရကြောင်း ကုလစာရင်းစစ်အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။http://www.khitpyaing.org/image/news/march_09/UNHCR-title.gif

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအစီရင်ခံစာကို ၂၀၀၅ ခု သြဂုတ် (၂၆) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စာရင်းစစ် နီကိုလေး ဂရီဂိုရိဗ်နှင့် ဂါမာဂျီနာတို့က ပြုစုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ UNHCR ရုံးကို ၂၀၀၅ ခုနှစ် မေလက စာရင်းစစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်ကြား ဒေါ်လာ (၄) သန်းကျော်သုံးစွဲခဲ့သည့် လုပ်ငန်းများကို စစ်ဆေးခဲ့သည်။

UNHCR ရုံးနှင့် ဆက်သွယ်လုပ်ကိုင်နေသည့် Bridge Asia-Japan (BAJ) အန်ဂျီအိုရုံးတွင် ၀န်ထမ်းများပိုလျှံစွာ ခန့်ထားသည်။ BAJ ရုံးသည် တနှစ်ကို ဒေါ်လာသန်းဝက်မျှသာ သုံးစွဲသည့်ရုံးဖြစ်သော်လည်း Program မန်နေဂျာ တဦး၊ လက်ထောက်တဦး၊ ဘဏ္ဍာရေးအရာရှိအပြင် စာရင်းစစ်နှစ်ဦး ခန့်ထားသည်ကို တွေ့ရကြောင်း ကုလစာရင်း စစ်အဖွဲ့ အစီရင်ခံစာမှာ ထောက်ပြထားသည်။ ထို့ပြင် BAJ အန်ဂျီအိုသို့ လွှဲပြောင်းပေးသည့် UNHCR ရုံးပိုင် ပစ္စည်းများ စာရင်းမှာလည်း မောင်းတောရှိ BAJ ရုံးစာရင်းနှင့်ကွာနေကြောင်း စာရင်းစစ်များက ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနက သုံးစွဲနေသည်ဆိုသည့် ရန်ကုန် UNHCR ရုံးပိုင်ဆိုင်သည့် တလုံး ဒေါ်လာ (၃,၀၀၀) နီးပါးတန်သည့် ကွန်ပျူတာ (၁၀) လုံးဆိုသည်ကိုလည်း ရှာမတွေ့ ခဲ့ကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

၎င်းပြင် ရခိုင်ပြည်နယ် မောင်းတောအခြေစိုက် မြန်မာကြက်ခြေနီအဖွဲ့ရုံးအတွက် ပေးထားသည့် UNHCR ကားကိုလည်း ရန်ကုန် မြန်မာကြက်ခြေနီရုံးက အလုပ်အမှုဆောင်လူကြီးက သုံးနေကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ UNHCR ရုံးအတွက် လိုအပ်သည့် ၀န်ထမ်းများ (အဓိက လုံခြုံရေးဝန်ထမ်းများ) ကို ရန်ကုန်မှ A&A Natural Resources Development ကုမ္ပဏီက ရှာဖွေပေးသည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီနှင့် ရန်ကုန် UNHCR ရုံးတို့ စတင်လုပ်ကိုင်ခဲ့ပြီး ထိုကုမ္ပဏီကို UNHCR မှ ဒေါ်လာ (၁၀၅,၀၀၀) ပေးထားပြီးသည့်တိုင် UNHCR နှင့် A&A Natural Resources Development ကုမ္ပဏီတို့ကြား စာချုပ်စာတမ်း လက်မှတ်ရေးထိုးထားခြင်း မရှိသည်ကိုလည်း ကုလစာရင်းစစ်များက အပြစ်တင်ထားသည်။

၂၀၀၄ ခုနှစ်တွင် UNHCR ရုံးပိုင် ဒေါ်လာ (၁၀,၇၃၆) တန်ဖိုးရှိပစ္စည်းများအား မြန်မာလူ့အခွင့်အရေး ကော်မရှင်ရုံးသို့ ငှားရမ်းသည့်အနေဖြင့် လွှဲပြောင်းပေးခဲ့သည်။ သို့သော် (၂၁) လစာ ဒေါ်လာ (၄,၂၀၀) သာ UNHCR က လက်ခံရခဲ့ပြီး ကျန်ပိုင်ဆိုင်မှုများကို ကုလစာရင်းစစ်များက စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်း၊ အကြောင်းမှာ မြန်မာလူ့အခွင့်အရေး ကော်မရှင်ရုံးကို နိုင်ငံရေးအခြေအနေအရ ပိတ်လိုက်ရ၍ ရုံးပစ္စည်းများကို အခြားသို့ ပြောင်းရွှေ့ထားရကြောင်းသာ မိမိတို့ကို အကြောင်းကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၄ ခု ရန်ကုန် UNHCR ရုံးကို စာရင်းစစ်သည့်အချိန် အဆိုပါရုံး၏တာဝန်မှာ ဘင်္ဂဘားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များ မိမိသဘောဆန္ဒအလျောက် မြန်မာနိုင်ငံပြန်သည့်လုပ်ငန်း ပြီးပြတ်စေရေးနှင့် ပြန်လာသူများအား ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေရာချထားရေး၊ ထိုင်းနိုင်ငံမှ ဒုက္ခသည်များကိုလည်း မိမိသဘောဆန္ဒအလျောက် မြန်မာနိုင်ငံ ပြန်ရေးကိစ္စနှင့် အဆိုပါဒုက္ခသည်များအား နေရာချထားရေး အစီအစဉ်များ ရေးဆွဲရေးအပြင် လူအရွှေ့အပြောင်း ကိစ္စ ဆောင်ရွက်နေသည့် အရာရှိများအတွက် ဒုက္ခသည်ဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးဥပဒေများ နားလည်ရန် ဆောင်ရွက်ရေးတို့ဖြစ်သည်။
read more “ကုလပိုင်ပစ္စည်းများကို အစိုးရရုံးနှင့် အန်ဂျီအိုများက အလွဲသုံးစားလုပ်မှု ပေါ်ပေါက်”

ရန်ကုန် UNHCR ရုံးကို ကုလသမဂ္ဂက စာရင်းစစ်မှု နောက်ဆက်တွဲ ဖြစ်ရပ်များ

0 comments
မတ်လ(၃၁) ရက်၊ ၂၀၀၉


မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀ယ်ပေးထားသည့် ကားများသာမက ကွန်ပျူတာများ၊ လေအေးစက် များ၊ မော်တော်ဆိုင်ကယ်များပါ စာရင်းစစ်အဖွဲ့မှ စစ်သောအခါ ၎င်းပစ္စည်းများမှာ ရုံးတွင်မရှိဘဲ ပတ်သက်ရာ လူကြီးများ၏ အိမ်တွင် ရောက်ရှိနေသောကြောင့် ပစ္စည်းကို အကောင်အထည်ဖြင့် ပြ၍ မရခဲ့ကြောင်း၊ UNHCR မှ စေလွှတ်သော နိုင်ငံခြားအစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူကြီးနှင့် အဆင်ပြေသော အမျိုးသမီးကြီးတယောက်သာ မကြာခဏ စေလွှတ်ခဲ့ပြီး၊ ၎င်းနိုင်ငံခြားမှ ပြန်လာသောအခါ လူကြီးများအတွက် တန်ဖိုးကြီး လက်ဆောင်များဖြင့် ပြန်လည်ဂါရ၀ပြုရကြောင်း ကြားသိရ၏။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအမည်ခံ အဖွဲ့အစည်းမှာ UNHCR Representative အဖြစ် အိန္ဒိယလူမျိုး ရန်ကုန်တွင် (၃) နှစ်လုပ်စဉ်က ယခင်အတွင်းရေးမှူး (၁) ခင်ညွန့် နှင့် ပလဲနံပသင့်စေရန်လည်းကောင်း၊ ခင်ညွန့်မှလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ လေးစားမှုရှိစေရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မတီဟု အမည်ခံ အဖွဲ့အစည်းကို ယခင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးတင်လှိုင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်စေ၍ သံအမတ်ကြီးဟောင်းတဦး (ဦးဝင်းလွင်) မှ အတွင်းရေးမှူးအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ပါသည်။

၎င်းရုံးခန်း၏ ပိုင်ရှင်မှာ သံအမတ်ကြီး ဦးဝင်းလွင် ဖြစ်ပြီး တလလျှင် USD (၂၅၀) ဖြင့် (၁၂) လစာကို အပြည့်အ၀ ပေးချေခဲ့ရပါသည်။ ၎င်းရုံးအတွက် လိုအပ်သော ရုံးသုံးပစ္စည်း၊ လေအေးပေးစက် (၅) လုံး၊ ကွန်ပျူတာ (၂) လုံး၊ လက်ပ်တော့ (Laptop)၊ ပရိဘောဂပစ္စည်းများ၊ ဆိုနီကင်မရာ အကောင်းစားများကို သံအမတ်ကြီး တောင်းသမျှ UNHCR Representative မှ မငြင်းနိုင်ဘဲ ၀ယ်ယူပေးခဲ့ရသည်ဟု သိရပါသည်။

၎င်းရုံးခန်းပြင်ဆင် စရိတ်သန်း (၃၀) ခန့်ကိုလည်း UNHCR မှ ပေးချေခဲ့ရသည်ဟု ကြားသိရပါသည်။ မည်သူမှ ဘယ်သောအခါမှ ရုံးမထိုင်ဖြစ်ခဲ့သော ထိုမြန်မာနိုင်ငံ လူ့အခွင့်အရေးအမည်ခံ အဖွဲ့အစည်းရုံးခန်းအတွက် ၀ယ်ယူပေးခဲ့သော ပစ္စည်းများမှာ ဖွင့်ပွဲနေ့က ဗိုလ်မှူးကြီး တင်လှိုင် ဖွင့်စဉ်မှာသာ ရှိခဲ့ပြီး နောက်တနေ့တွင် သံအမတ်ကြီးပိုင် သင်္ဃန်းကျွန်းရှိ ခြံတခြံထဲသို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်ဟု အတွင်းသတင်းအရ ကြားသိရသည်။ UNHCR ၀န်ထမ်းအရာရှိတဦးဖြစ်သူ (ဦးဇော်မင်း- နိုင်ငံခြားရေးဝန်ထမ်းဟောင်း) မှ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ သံအမတ်ကြီးဟောင်းနှင့် ပေါင်း၍ လုပ်ငန်းကိစ္စအားလုံး အဆင်ပြေစေရန် ရုံးစည်းမျဉ်း စည်းကမ်းဘောင်ကို ကျော်လွန်၍ အစစအရာရာ ကူညီပေးခဲ့သည်ဟု ကြားသိရ၏။

၂၀၀၄ အောက်တိုဘာတွင် အတွင်းရေးမှူး (၁) ခင်ညွန့် ပြုတ်ပြီးမကြာမီ ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်ပါ ပြုတ်သွားသောအခါ ထိုမြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီအမည်ခံအဖွဲ့မှာ အလိုလို ပျက်သွားပြီး UNHCR မှ ၎င်းရုံးအတွက် ၀ယ်ယူပေးထားသော တန်ဖိုးကြီးပစ္စည်းများ (လေအေးပေးစက်တချို့၊ ဆိုနီကင်မရာ၊ ကွန်ပျူတာ၊ လက်ဖ်တော့) တော်တော်များများမှာ သံအမတ်ကြီးလက်ဝယ်ထံမှ UNHCR က ပြန်လည်တောင်းခံရာ အစရှာမရခဲ့ကြောင်း အတွင်းသတင်းအရ သိရသည်။

မျိုးချစ်သူ ၈၈

(ကုလပိုင်ပစ္စည်းများကို အစိုးရရုံးနှင့် အန်ဂျီအိုများက အလွဲသုံးစားလုပ်မှု ပေါ်ပေါက်)
read more “ရန်ကုန် UNHCR ရုံးကို ကုလသမဂ္ဂက စာရင်းစစ်မှု နောက်ဆက်တွဲ ဖြစ်ရပ်များ”

စည်ပင်ငွေနှင့် ကြံ့ဖွံ့အတွက် စည်းရုံး ရန်ကုန်မြို့တော်ဝန်စည်းရုံးရေး မအောင်မြင်

0 comments
http://www.khitpyaingnews.org/image/news/march_09/NT-108.gifNEJ / မတ်လ(၂၇) ရက်၊ ၂၀၀၉
line


ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် အများပြည်သူထံမှ ကောက်ခံထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ပိုင် ငွေများဖြင့် ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံးမှုများ လုပ်နေကြောင်း အင်းစိန်မြို့နယ်အတွင်း နေထိုင်သူ မြို့ခံများက ပြောသည်။

မြို့ခံတဦးက “ပြီးခဲ့တဲ့အပတ်က ကျနော်တို့ မြို့နယ်ကို ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း လာတယ်။ သူလာတာက ကြံ့ဖွံ့အနေနဲ့ လာတာ။ သူနဲ့အတူ သူတို့နဲ့ စီးပွားရေး ပေါင်းလုပ်နေသူ လုပ်ငန်းရှင်တွေလည်းပါတယ်။ မြို့နယ်က ရပ်မိရပ်ဖတွေနဲ့ တွေ့တယ်။ သူက ဘာလိုသလဲ၊ ဘာလုပ်ပေးရမလဲ မေးတယ်။ ရပ်မိရပ်ဖတွေက စာသင်ကျောင်းတွေ လုပ်ပေးပါ၊ လမ်းတွေ ကောင်းအောင် လုပ်ပေးပါဆိုပြီး ပြောတယ်။ ဒါနဲ့ သူက နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းစဉ်မူဝါဒ (၇) ချက်အရ လာမယ့် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ ဒီအတွက် ပြည်သူအများကလည်း ပူးပေါင်းဆောင်ရွက်ကြပါ။ ကျနော်တို့ ကြံ့ဖွံ့ကလည်း ပြည်သူတွေကို တတ်နိုင်သလောက် အကူအညီ ပေးပါ့မယ်ဆိုပြီး တထိုင်တည်းမှာတင် မူလတန်းကျောင်းက ကျောင်းဆောင် တဆောင်ကို ပြုပြင်ပေးမယ်။ နောက် (၁ဝ) ပေသာသာကျယ်တဲ့ လမ်းသွယ်တွေကို ကွန်ကရစ် ခင်းပေးမယ် ပြောပြီး သူနဲ့ ပါလာတဲ့ လုပ်ငန်းရှင်တွေကို ဘယ်သူက ဘယ်အပိုင်း လုပ်ဆိုပြီး ချက်ချင်း အမိန့်ချတယ်။ အဓိကကတော့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူတို့ ကြံ့ဖွံ့က ပါတီဖွဲ့ပြီး ဝင်ပြိုင်တဲ့အခါ ပြည်သူတွေ ထောက်ခံမဲပေးအောင် ကြိုပြီးစည်းရုံးတဲ့သဘောအဖြစ် အားလုံးက မြင်ကြတယ်” ဟု ပြောသည်။

အလားတူ အင်းစိန်မြို့နယ်အတွင်းမှ ခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာတဦးကလည်း ပြီးခဲ့သည့် အပတ်က ဗိုလ်မှူးချုပ်အောင်သိန်းလင်း ကိုယ်တိုင်လာကြောင်း၊ အသင်းတော်အတွက် ဘာကူညီရမလဲ မေးကြောင်း၊ ၎င်းတို့က အသင်းတော်အတွက် ဘုရားကျောင်းဆောက်လုပ်ရန် မြေဝယ်ထားပြီး ဆောက်လုပ်ခွင့်ရရန် တင်ပြလျှောက်ထား သည်မှာ ကြာပြီဖြစ်ကြောင်း၊ ခွင့်ပြုမိန့်မရ၍ မဆောက်နိုင်သေးကြောင်း စသဖြင့်တင်ပြသည့်အခါ ချက်ချင်း ဘယ်နေရာမှာလည်း သွားကြည့်ရအောင် ပြောပြီး ချက်ချင်းသွားကြည့်ကြောင်း၊ နောက် ချက်ချင်း တထိုင်တည်း ဆောက်လုပ်ခွင့်ပေးပြီး သူနှင့်အတူပါလာသည့် လုပ်ငန်းရှင်များကို တတ်နိုင်သမျှလှူရန် နှိုးဆော်ကြောင်း၊ လုပ်ငန်းရှင်များကလည်း ဘိလပ်မြေ၊ အုတ် စသဖြင့် မည်မျှစီ လှူပါ့မည်ဆိုပြီး ချက်ချင်း အလှူစာရင်းကြေညာ ကြောင်း၊ ထို့နောက် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက်ရန် အသင်းတော်အနေဖြင့် ကူညီပါဆိုပြီး ပြောကြောင်း ရှင်းပြသည်။

ယခုကဲ့သို့ ဗိုလ်မှူးချုပ်အောင်သိန်းလင်း မဲဆွယ်စည်းရုံးမှု ပြီးသည့်နောက် စည်ပင်သာယာရေးအဖွဲ့များ လာရောက်ပြီး ကြံ့ဖွံ့ ဆိုင်းဘုတ်များ စိုက်ထူကာ လမ်းခင်းခြင်း၊ စာသင်ကျောင်းပြုပြင်ခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့ကြောင်း၊ သို့သော် (၃-၄) ရက်မျှ ဟန်ပြ လုပ်ကိုင်ပြီးနောက် မပြီးစီးပဲ ရပ်တန့်နေသည်မှာ ယနေ့တိုင်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အင်းစိန်မြို့ခံ ပြည်သူများကမူ ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ ယခုလုပ်ရပ်သည် ၂ဝ၁ဝ ရွေးကောက်ပွဲကာလတွင် ကြံ့ဖွံ့က ဖွဲ့စည်းယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးရန် အကြိုမဲဆွယ်ပွဲ ပြုလုပ်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူများထံမှ ကောက်ခံရငွေဖြင့် ပြည်သူများကို ပြန်စည်းရုံး ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်သဘောဖြစ်ကြောင်း၊ ပြည်သူအားလုံးကလည်း သိနားလည်ကြကြောင်း ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်၏ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်ခဲ့မှု၊ တလွဲစီမံခန့်ခွဲမှုကြောင့် ပြည်သူများ စီးပွားရေးကျဆင်း၊ ပညာမဲ့၊ လူမှုရေး နိမ့်ပါး စသည့်အခြေအနေ ရောက်လာရသည်တို့ကို မမေ့ကြကြောင်း၊ လွတ်လပ်စွာမဲပေးခွင့်ရပါက ပြည်သူများ၏ ဆန္ဒအစစ်အမှန်ကို စစ်အာဏာပိုင်များသာမက ကမ္ဘာကြီးကလည်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း အင်းစိန်မြို့ခံများက ပြောဆိုနေကြသည်။
read more “စည်ပင်ငွေနှင့် ကြံ့ဖွံ့အတွက် စည်းရုံး ရန်ကုန်မြို့တော်ဝန်စည်းရုံးရေး မအောင်မြင်”

ထိုင်းဝန်ကြီးချုပ်ရုံးကို ဒုတိယနေ့ ဆက်ဝိုင်း ၀န်ကြီးအဖွဲ့ ရုံးမတက်နိုင်အောင် ဆန္ဒပြမည်

0 comments
http://www.khitpyaing.org/image/news/march_09/NT-106.gifNEJ / မတ်လ(၂၇) ရက်၊ ၂၀၀၉
line


ထိုင်းဝန်ကြီးချုပ်ရုံးကိုဝိုင်းထားသည့် ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူအရေအတွက်သည် မတ်လ (၂၆) ရက်ညပိုင်း၌ (၃၀,၀၀၀) ကျော်သွားပြီး စနေနေ့တွင် နယ်မှ ထပ်လာ မည့်သူများနှင့် အင်အားဖြည့်မည်ဟု ဆန္ဒပြခေါင်းဆောင်ပိုင်းက ပြောသည်။

ဆန္ဒပြသူများက ၀န်ကြီးချုပ်အာဘီဆစ်နုတ်ထွက်ရန် တောင်းဆိုနေသော်လည်း ရာထူးမှ နုတ်ထွက်ရေး မထွက်ရေးသည် နိုင်ငံရေးအခြေအနေမျိုးတွင် ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း အာဘီဆစ်က သတင်းထောက်များကို ပြောသည်။

“အစိုးရပြုတ်ကျအောင် ဒီဆန္ဒပြပွဲကို ရည်ရွယ်ထားတဲ့အတွက် ၀န်ကြီးချုပ်ရုံးအပြင်ဘက်ကနေပြီး ၀န်ကြီးချုပ် အာဘီဆစ်နဲ့ ၀န်ကြီးတွေ ရုံးမတက်နိုင်အောင် ပိတ်ဆို့ထားမှာဖြစ်တယ်” ဟု အနီဝတ်ဆန္ဒပြ ခေါင်းဆောင်တဦး ဖြစ်သည့် အတိုက်အခံပါတီ အမတ် နထာဝတ် ဆိုင်ကုအားက ပြောသည်။

ဝန်ကြီးချုပ်ရုံးကို ကာကွယ်ထားသည့် ရဲ (၃,၀၀၀) ကျော်ကို ကူရန်အတွက် စစ်သား (၅,၀၀၀) ကျော်ကို ထပ်မံစေလွှတ်ထားသည်။

“စစ်တပ်က ဆန္ဒပြသူတွေကို နှိမ်နင်းမယ်ဆိုရင် ပြည်သူ့စစ်ပွဲကို မြင်ရမှာဖြစ်ပြီး သူတို့ရှုံးမှာပါ” ဟု ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သည့် ဇာတုပေါင်းက ပြောသည်။

ဆန္ဒပြသူများကို ဖုန်းနှင့်စကားပြောခဲ့သည့် တပ်ဆင်ကမူ ထိုင်းစစ်တပ်သည် အနီဝတ်ဆန္ဒပြသူများအား အ၀ါဝတ် ပီအေဒီများအပေါ် ပြုမူသလို မဆက်ဆံကြောင်း စွပ်စွဲခဲ့သည်။ သောင်းနှင့်ချီသည့် ယခုဆန္ဒပြမှုသည် ထိုင်းဝန်ကြီး ချူပ် အာဘီဆစ်တက်ပြီး (၃) လအတွင်း အများဆုံးဖြစ်သကဲ့သို့ ၂၀၀၈ ခုနှစ်က ပီအေဒီ ဆန္ဒပြမှုအပြီး အကြီးမား ဆုံး ဆန္ဒပြမှုဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက်၏ သတင်းပေးပို့ချက်အရ မတ်လ (၂၆) ရက် ညနေပိုင်းမြင်ကွင်းတွင် ၀န်ကြီးချုပ်ရုံး ပတ်လည်ရှိ လမ်းများ၌ လူတကိုယ်စာသွား၍မရအောင် သောင်းချီသည့် လူအုပ်ကြီးနှင့် ပြည့်ကျပ်နေပြီး ၂၀၀၈ ခုနှစ်က ၀န်ကြီးချုပ်ရုံးအား ဆန္ဒပြခဲ့သည့် အ၀ါဝတ် ပီအေဒီအရေအတွက်ထက် ပိုများနိုင်သည်ဟု ပြောသည်။
ချွန်ဘူရီ စသည့် နယ်စုံမှလာသည့် အနီဝတ်ဆန္ဒပြသူများသည် မိမိတို့ နယ်မြေအမည် ရေးထားသည့် လက်ကိုင် ဆိုင်းဘုတ်များ ကိုင်ထားသကဲ့သို့ အာဘီဆစ်အစိုးရအား ဆန့်ကျင်သည့် လက်ကိုင်ဆိုင်းဘုတ် မျိုးစုံလည်း ကိုင်ထားကြသည်။

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများသည် ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ထိုင်းဝန်ကြီးချုပ်ရုံးကို ချီတက်ဝိုင်းကြပြီး ၀န်ကြီးချုပ်အာဘီဆစ် မပြုတ်မချင်း ရက်ရှည်ဆန္ဒပြကြမည် ဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင်ပိုင်းက ပြောသည်။

ဆန္ဒပြသူများ အဓိကတောင်းဆိုသည့်အချက်မှာ နိုင်ငံခြားရေးဝန်ကြီး ကာဆစ်သည် ပီအေဒီအဖွဲ့ဝင်ဖြစ်နေသည့် အတွက် ၎င်းအား ရာထူးမှ ထုတ်ပယ်ရန်၊ ပါလီမန်ကို ဖျက်သိမ်းပေးရန်နှင့် ပီအေဒီခေါင်းဆောင်များကို အရေးယူရန် တို့ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ရုံးတ၀ိုက်တွင် လုံခြုံရေးများ ထူထပ်စွာချထားသည်။ ဆန္ဒပြသူများအား ထိန်းမရပါက အမိန့်ပေးရန် ၀န်ကြီးချုပ် အာဘီဆစ်က တာဝန်ပေးထားကြောင်း ဒု-၀န်ကြီးချုပ် ဆူထက်က ပြောသည်။
read more “ထိုင်းဝန်ကြီးချုပ်ရုံးကို ဒုတိယနေ့ ဆက်ဝိုင်း ၀န်ကြီးအဖွဲ့ ရုံးမတက်နိုင်အောင် ဆန္ဒပြမည်”