မြစ်ဝကျွန်းပေါ်မှ ရုန်းကန်နေရဆဲ ဘဝများ
0 comments Saturday, May 2, 2009
ဒေါ်သိန်းသိန်း၏ အသေးစား မွေးမြူရေး လုပ်ငန်းလေးသည် တချိန်က သူအပါအဝင် မိသားစုဝင် ၆ ဦးအတွက် ဖူလုံသည့် လုပ်ငန်းလေး ဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် သူ၏ တနိုင်တပိုင် မွေးမြူရေး ပျက်စီးခဲ့သည်မှာ တနှစ် ကြာပြီ ဖြစ်သော်လည်း သူ၏ လုပ်ငန်းကို ပြန်လည် မထူထောင်နိုင်သေးပါ။
၂၀၀၈ ခုနှစ် မေလက ရန်ကုန်မြို့ နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နာဂစ်ဆိုင်ကလုန်း မွှေနှောက် တိုက်ခိုက်ချိန်တွင် သူ၏ ဒေါ်လာ ၃၀၀ ထက်မက တန်ဖိုးရှိသော ဘဲ ကောင်ရေ ငါးဆယ်ခန့် နှင့် ၀က်သုံးကောင် ဆုံးရှုံးခဲ့ရသည်။
“အိမ်နီးချင်းဆီကနေ အကြွေးနဲ့ ၀ယ်ထားတဲ့ ဒီဝက်ကလေးပဲ ရှိတယ်” ဟု ဒေါ်သိန်းသိန်းက ၀က်ခြံထဲတွင် အိပ်နေသော ၀က်တကောင်အား လက်ညှိုးထိုးပြပြီး ပြောသည်။ ဘဲခြံထဲတွင်မူ ဘဲတကောင်မျှ မရှိပေ။
ဒေါ်သိန်းသိန်း၏ ရွာသည် မုန်တိုင်းဒဏ် အခံရဆုံး ဒေသတခုဖြစ်သော ဖျာပုံမြို့နယ် အတွင်းရှိ နောင်တော်ကြီး ကျေးရွာ ဖြစ်သည်။
ဒေါ်သိန်းသိန်းသည် အသက် ၄၃ နှစ်ရှိပြီ ဖြစ်ပြီး ကလေးငါးယောက် မိခင်ဖြစ်သည်။ နာဂစ်မုန်တိုင်း မတိုက်ခတ်ခင် အထိ ခင်ပွန်းမရှိ အိမ်ရှင်မ တဦးတည်းအဖို့ မိသားစု ၀င်ငွေ ရှာရာတွင် မည်သည့်အခါမှ ဤမျှလောက် မခက်ခဲခဲ့ပေ။ ယခု အချိန်တွင် ဆန်ဖိုး အလုံအလောက် ရဖို့ပင် မောမော ပန်းပန်း၊ ခက်ခက် ခဲခဲ ရှာနေရသည်။
သူ၏ဘ၀ ပြောင်းလဲသွားချိန်မှစ၍ ဒေါ်သိန်းသိန်းနှင့် အသက် ၁၆ နှစ်အရွယ် အကြီးဆုံးသားသည် ရွာတွင် နေ့စား သူရင်းငှား (စာရင်းငှား) အဖြစ် လုပ်ကိုင်နေရသည်။
“ကျမတို့ အရင် လုပ်ခဲ့တဲ့ ဘဲမွေး၊ ဝက်မွေးတာကိုပဲ ပြန်လုပ်ချင်ပါတယ်။ ဒါပေမယ့် အကူအညီ ဘာမှမရှိတော့ ဘယ်လို လုပ်နိုင်မှာလဲ” ဟု သူက ပြောသည်။
ရွာသူ ရွာသားများသည် မွေးမြူရေး လုပ်ငန်းများ ပြန်လည် ထူထောင်ရန် အကူအညီ တစုံတရာ မရရှိသေးဟု ဒေါ်သိန်းသိန်းက ပြောသည်။
ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များတွင်လည်း ဒေါ်သိန်းသိန်း ကဲ့သို့ပင် ၎င်းတို့၏ အသက် မွေးဝမ်းကြောင်း လုပ်ငန်းများကို ပြန်လည် ထူထောင်နိုင်ခြင်း မရှိသော အသေးစား လုပ်ငန်းရှင် လယ်သမား ထောင်ပေါင်း များစွာ ရှိနေသေးသည်။
ကျေးရွာငယ်များ၌ နေထိုင်ကြသော အိမ်ထောင်စုများအတွက်မူ အိမ်နောက်ဖေး တနိုင်တနိုင် မွေးမြူရေး လုပ်ငန်းသည် အဓိက ၀င်ငွေရသော အခန်းကဏ္ဍတခု ဖြစ်သည်။
ကြက်၊ ဘဲ မွေးမြူခြင်းမှရသည့် ဥ နှင့် အသားက လူတို့အတွက် အာဟာရကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ အပို ၀င်ငွေလည်း ရစေသည်။ ၀က်များကို ၀င်ငွေအတွက် မွေးမြူကြသကဲ့သို့ မင်္ဂလာဆောင် နှင့် ပွဲတော်များ ကဲ့သို့သော အထူးတလည် အခါသမယများ အတွက်လည်း မွေးမြူကြသည်။ ၀က်များကို နေအိမ်ဝင်းအတွင်း မွေးမြူနိုင်သောကြောင့် မွေးမြူရေးခြံ မရှိသော သူများအတွက် အရေးပါသည့် သတ္တဝါဖြစ်သည်။
ကျွဲနှင့် နွားသည် မွေးမြူရန် အတွက် မြေနေရာ ပိုမို လိုအပ်ပြီး၊ ထွန်ယက်ခြင်း နှင့် သယ်ယူ ပို့ဆောင်ရေး အတွက် အရေးကြီးသည့် လယ်ယာသုံး တိရစ္ဆာန်များ ဖြစ်သည်။
နာဂစ် မုန်တိုင်းကြောင့် ပြည်သူပေါင်း ၁၄၀ ၀၀၀ နီးပါး အသေအပျောက်ရှိပြီး လူပေါင်း ၂ သန်းကျော် ဘ၀ ပျက်ခဲ့ရသည်။
ဆိုင်ကလုန်း တိုက်ခိုက်ပြီးနောက် ကြက်၊ ဘဲ၊ ကျွဲ၊ နွား၊ ၀က် အိမ်မွေး တိရစ္ဆာန် များစွာသည် ဆိုင်ကလုန်းသင့် ပြည်သူ များနှင့် အတူ သေကြေခဲ့ရသည်။ ထို့ကြောင့် ဘ၀ကို ပြန်လည် ထူထောင်ရန် ကြိုးစား နေဆဲ ဖြစ်သော အသက်ရှင် ကျန်ရစ်သူ ဒေသခံများအတွက် ကာလရှည်ကြာစွာ ရင်းနှီးမြှုပ်နှံရသော အဓိက လုပ်ငန်း ဆုံးရှုံးရလေသည်။
ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ အဆိုအရ ဘဲ ကောင်ရေ ၅၂၅ ၀၀၀ (စုစုပေါင်း ကောင်ရေ၏ ၅၂ ရာခိုင်နှုန်း)၊ ကြက်ကောင်ရေ ၁. ၅ သန်း (၄၅ ရာခိုင်နှုန်း)၊ ၀က်ကောင်ရေ ၆၈ ၀၀၀ (၂၈ ရာခိုင်နှုန်း)၊ ဆိတ်ကောင်ရေ ၇၅၀၀ (၃၀ ရာခိုင်နှုန်း) နှင့် လယ်ယာသုံး ကျွဲနွား ကောင်ရေ ၂၂၇ ၀၀၀ (ကျွဲ ၅၁ ရာခိုင်နှုန်း နှင့် နွား ၂၃ ရာခိုင်နှုန်း)သည် ဆိုင်ကလုန်းကြောင့် သေကြေခဲ့ရသည်။
ဆုံးရှုံးသွားခဲ့သော တိရိစ္ဆာန်များကို ပြန်လည် အစားထိုးပေးရန်အတွက် စစ်အစိုးရ၊ ကုလ သမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် အများ အပြားမှ အသေးစား လုပ်ငန်းရှင် လယ်သမားများသို့ ကြက်၊ ဘဲ နှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ လှူဒါန်းခဲ့သည်။
“အကူအညီ ဖြန့်ဝေပေးတဲ့ နေရာမှ ကျနော်တို့ ပစ်မှတ်ထားတာကတော့ အသက် မွေးဝမ်းကြောင်း လုပ်ငန်းကို ကိုယ့်ဘာသာကိုယ် ပြန်လည် ထူထောင်နိုင်ခြင်း မရှိတဲ့ ဆင်းရဲသားတွေ၊ မြေယာမဲ့တွေ၊ အမျိုးသမီး ဦးဆောင်တဲ့ မိသားစုတွေ ဖြစ်ပါတယ်” ဟု FAO အရာရှိတဦးက ဆိုခဲ့သည်။
အသေးစား အိမ်မွေး တိရစ္တာန် လုပ်ငန်းရှင် လယ်သမားများကို ကူညီခြင်းသည် လူသားချင်း ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်နေသည့် အေဂျင်စီများအတွက် ချက်ချင်း လက်ငင်း အရေးတကြီး လုပ်ဆောင်ရမည့် လုပ်ငန်းများအနက် တခု ဖြစ်သည်၊ ဤလုပ်ငန်းက အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်းကို မှီခိုနေရသူ လယ်သမားများအတွက် မရှိ မဖြစ် ၀င်ငွေရ လုပ်ငန်းတခု ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ထိုအရာရှိက ပြောသည်။ အကူအညီများ ပေးနေသော်လည်း ဆုံးရှုံးသွား သည့် တိရစ္ဆာန်များ၏ နေရာတွင် ရာခိုင်နှုန်း အနည်းငယ် ကိုသာ ဖြည့်ဆည်းနိုင်သေးသည် ဟု FAO အရာရှိက ဆိုသည်။
ဝက်ကောင်ရေ ၁၂ ရာခိုင်နှုန်း၊ ကျွဲ နှင့် နွား ကောင်ရေ ၃ ရာခိုင်နှုန်း၊ ကြက်ကောင်ရေ ၁ ရာခိုင်နှုန်း၊ ဘဲကောင်ရေ ၂၀ ရာခိုင်နှုန်းကိုသာ အစားထိုးပေးနိုင်သည်ဟု FAO ကိန်းဂဏန်းများအရ သိရသည်။
“ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ကျနော်တို့ နိုင်ငံတကာ အကူ အညီတွေ ပိုပြီး လိုနေပါတယ်။ ဒါပေမယ့် အခုအထိတော့ ကျနော်တို့ ဘဏ္ဍာငွေ အနည်းအကျဉ်းပဲ ရပါသေးတယ်” ဟု သူက ပြောသည်။
တနှစ်ပြည့်သော်လည်း မုန်တိုင်း အကူအညီ မလုံလောက်သေး
0 commentsဆော်လမွန် |
သောကြာနေ့၊ မေလ 01 2009 14:04 - မြန်မာစံတော်ချိန် နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နာဂစ်ဆိုင်ကလုံး ဖျက်ဆီးခဲ့သည်မှာ တနှစ်တာကြာမြင့်သွားပြီ ဖြစ်သော်လည်း၊ ထိုဒေသတွင် ဆိုင်ကလုံးသင့် ဘဝများ ပြန်လည် ထူထောင်ရေးနှင့် အဆောက်အဦများ ပြန်လည် တည်ဆောက်ရေးသည် များစွာ လိုအပ်နေသေးကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများ အပါအဝင် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။ |
မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ ဧရာဝတီနှင့် ရန်ကုန်တိုင်းတွင် နာဂစ်မုန်တိုင်း မွှေနှောက်ခဲ့သည်မှာ မေလ ၂ ရက်နေ့တွင် တနှစ်ပြည့်မြောက်မည်ဖြစ်သော်လည်း မုန်တိုင်းကြောင့် အသက်မသေဘဲ ရှင်ကျန်ရစ်ခဲ့သူများသည် သူတို့၏ ဘဝများ ပြန်လည်တည်ဆောက်ရန်နှင့် ယခင်အတိုင်း ပုံမှန်နေထိုင်နိုင်သည့် ဘဝသို့ ပြန်ရောက်ရန် မဆိုထားနှင့်၊ ယခုထိတိုင် စားနပ်ရိက္ခာ လုံလောက်မှု မရှိခြင်း ဟူသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရဆဲ ရှိနေသေးသည်ဟု၊ အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြခြင်းဖြစ်သည်။
နေရာအတော်များများရှိ မုန်တိုင်းဒဏ်ခံရသူများ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို ထောက်ပံ့ရန် ဆက်လက် လိုအပ်နေသေးကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ဆက်သွယ်ရေးအရာရှိ အက်စ်ထရစ် ဆီဟဲလ် Astrid Sehl က မဇ္ဈိမကို ပြောပြသည်။
အစိုးရ မဟုတ်သော နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေး အဖွဲ့များ၊ ကုလနှင့် ဒေသတွင်း အင်ဂျီအိုများ အပါအဝင် အောက်ခြေအဆင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေး အစုအဖွဲ့များ စသည်တို့၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ထည့်သွင်းစဉ်းစားသည့်တိုင်အောင်၊ မုန်တိုင်းဒဏ် ခံရသူများ၏ လိုအပ်ချက်မှာ ကြီးမားလျက် ရှိနေဆဲ ဖြစ်သည်။
သူတို့အနေနဲ့ အကူအညီအချို့ ရခဲ့သော်လည်း၊ အသက်ရှင်သန်မှုအတွက် အခြေခံ လိုအပ်ချက်များ ရရန် ရုန်းကန်ရဆဲဖြစ်ကြောင်း ဒေသတွင်း၌ အကူအညီပေးနေသော လုပ်သားတဦးက ပြောသည်။
“မြစ်ဝကျွန်းပေါ်ဒေသရှိ လူအများစုသည် အကူအညီတချို့ကို ရရှိခဲ့သည် မှန်သော်လည်း လုံလောက်မှု မရှိဘဲ၊ နေ့စဉ် ထမင်း ၂ နပ် စားသောက်နိုင်ရန်အတွက် ကြိုးပမ်း အားထုတ် နေရဆဲ ဖြစ်သည်” ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ဆိုင်ကလုံး ဖျက်ဆီးခဲ့သည့် ဒေသတွင်းရှိ အနဲဆုံး သန်းဝက်ခန့် ပြည်သူများသည် အလွန်ဆိုးဝါးသည့်၊ ဘေးအန္တရာယ် လုံခြုံမှု မရှိသည့် အကွယ်အကာများအောက်တွင် နေထိုင်နေရသည်။ ကူညီထောက်ပံ့ရေး အေဂျင်စီများက ထိုသူတို့အတွက် ဆောက်လုပ်ပေးသည့် အကွယ်အကာများသည် လာမည့် မုတ်သုန်ရာသီကို ကြံ့ကြံ့ခံနိုင်မည် မဟုတ်ကြောင်း ဆီဟဲလ်က ပြောသည်။
“လူများစုဟာ ကူညီထောက်ပံ့ရေး အေဂျင်စီတွေကပေးတဲ့ အရေးပေါ် ခိုလှုံရာတွေနဲ့ အစားအစာတွေပေါ်မှာ မှီခိုနေရတုန်းပဲ” ဟု ဆီဟဲလ်က ပြောသည်။
သို့ရာတွင် မုန်တိုင်းဒဏ်သင့် ခံရသူများအတွက် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမှာ အဓိက ပြဿနာအဖြစ် ဆက်ရှိနေပြီး၊ ဒုတိယအချက်မှာ နေထိုင်ရန် အကာအကွယ်နှင့် အစားအသောက် ခွဲတမ်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဘိုကလေး၊ လပွတ္တာနှင့် ဖျာပုံတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည့် ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်းအဖွဲ့ - WFP က ပြောသည်။
“စားနပ်ရိက္ခာ ရှားပါးမှု အဆင့်များမှာ၊ အထူးသဖြင့် မြစ်ဝကျွန်းပေါ် တောင်ဘက်နှင့် အနောက်ဘက် ဒေသများတွင် အလွန်အမင်း ဆိုးရွားနေသည်ကို လက်တလော လေ့လာချက်များက ပြသနေကြောင်း” မြန်မာနိုင်ငံဆိုင်ရာ WFP အစီအမံ ဒါရိုက်တာ ခရစ်(စ်) ကေး - Chris Kaye က ပြောသည်။
ဆက်လက်လုပ်ဆောင်နေသည့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများ
မြန်မာစစ်အစိုးရသည် ဆိုင်ကလုံးဒဏ်ခံရသူများအတွက် နိုင်ငံတကာ၏ အကူအညီပေးမှုများကို လက်ခံရန် အစကနဦး၌ ငြင်းပယ်ခဲ့သဖြင့်၊ မေလလယ်တွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ကြားဝင်စေ့စပ် ဆွေးနွေးနိုင်ခဲ့သဖြင့် စစ်အစိုးရက အကန့်အသတ်ဖြင့် အကူအညီပေးရေးအဖွဲ့များကို စတင် ခွင့်ပြုခဲ့သည်။ထိုအချိန်မှစ၍ ကုလသမဂ္ဂ၊ မြန်မာစစ်အစိုးရနှင့် အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများ - ဘက်သုံးဘက် ပါဝင်သည့် Tripartite Core Group (TCG) ကို ဖွဲ့စည်းခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နိုင်ခဲ့သည်။
TCG ၏ အဆိုအရမူ၊ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရမှုများကို ပြန်လည်တည်ဆောက်ရန်အတွက် အချိန်ကာလ ၃ နှစ်နှင့် အနဲဆုံး အမေရိကန်ဒေါ်လာ သန်း ၇ဝဝ လိုအပ်မည်ဟု သိရသည်။
မြစ်ဝကျွန်းပေါ်ဒေသရှိ လူဦးရေ ၃ သိန်း ၅ သောင်း ခန့်အတွက် စားနပ်ရိက္ခာ အထောက်အကူများကို ဒဗလျူအက်ဖ်ပီမှ ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ပြီး၊ လူဦးရေ ၂ သိန်း ၅ သောင်းကျော်ဟာ လာမည့် ကောက်ပဲသီးနှံ ရိပ်သိမ်းချိန် နိုဝင်ဘာလကုန်အထိ သူတို့၏ အကူအညီကို ဆက်လက် လိုအပ်နေဦးမည်ဟု ခရစ်(စ်) ကေးက ပြောသည်။
“ဆန်၊ ပဲစေ့၊ ဆီနဲ့ ဆား ပါဝင်တဲ့ အဆင့်အတန်းနဲ့ ညီတဲ့ စားနပ်ရိက္ခာအိတ်တွေကို ကျနော်တို့ ဆက်ပြီး ထောက်ပံ့နေပါတယ်” ဟု ကေးက ပြောသည်။
သို့သော် လပွတ္တာတွင် စားနပ်ရိက္ခာ ဖြန့်ဝေပေးခြင်းကို လျှော့ချလိုက်ကြောင်း WFP အကူအညီပေးရေး လုပ်သားများက ပြောသည်။
ပြီးခဲ့သည့်နှစ် မေလမှ ဒီဇင်ဘာလအထိ ကျေးရွာပေါင်း ၇၂၉ ရွာကို အစားအစာများ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ယခုအခါ ၂ဝဝ၉ ဇန်နဝါရီလမှ ဧပြီလအထိ ကျေးရွာပေါင်း ၅ဝဝ အထိ လျှော့ချလိုက်ကြောင်း ပြောသည်။
“တချို့ရွာတွေဆိုရင် သူတို့ဘာသာ သူတို့ စီမံခန့်ခွဲနိုင်ပြီဖြစ်တဲ့အတွက် ရိက္ခာအထောက်အပံ့ ပေးမှုတွေကို ဖြတ်တောက်ခဲ့ပြီး၊ တချို့နေရာတွေကို ကျနော်တို့ တိုးချဲ့ခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့က ကျနော်တို့အပေါ် မှီခိုနေတာကို လျှော့ချချင်ပါတယ်” ဟု အမည်မဖော်လိုသူ WFP ဝန်ထမ်းတဦးက ပြောသည်။
အလားတူပင်၊ ကလေးသူငယ်များ ကယ်ဆယ်ရေး (Save the Children) အဖွဲ့မှ မြစ်ဝကျွန်းပေါ်ဒေသတွင် ရုံးခွဲ ၈ ခု ဖွင့်ကာ ဝန်ထမ်း ၈ဝဝ ဖြင့် မုန်တိုင်းဒဏ်ခံရသူများ၏ ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ အဟာရဓာတ် ရရှိရေးနှင့် နေထိုင်မှုဘဝ စီမံကိန်းများ ပြုလုပ်ကာ အကူအညီများ ဆက်လက် ထောက်ပံ့နေကြောင်း ပြောဆိုခဲ့သည်။
“ကလေးသူငယ်တွေ ကယ်ဆယ်ရေးအဖွဲ့ဟာ လူဦးရေ ၆ သိန်းကျော်ကို အကူအညီပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအထဲက လေးပုံ တပုံဟာ ကလေးတွေပါ။ သူတို့ဟာ ဆိုင်ကလုံးဒဏ်ကို အများဆုံး ခံခဲ့ရသူတွေ ဖြစ်ပါတယ်” ဟု အဖွဲ့. မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ အင်ဒရူး ကိုက်ဝုဒ် Andrew Kirkwood က မဇ္ဈိမကို ပြောသည်။
သူတို့အဖွဲ့သည် ကလေးငယ် ၁၃၇,ဝဝဝ ကို ကျောင်းပြန်တက်ရန်၊ မိသားစု ၄ သိန်းကို ပြန်လည်နာလံထူနိုင်ရန် ငွေကြေး အထောက်အပံ့များ ပေးခြင်း၊ ခြောက်သွေ့ရာသီ တလျှောက်လုံး လူဦးရေ ၆ သောင်းကို သောက်သုံးရေ ဖြန့်ဝေပေးခြင်း စသည်တို့ကို အခြားသော စီမံကိန်းများနှင့်အတူ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သူက မဇ္ဈိမကို ပြောသည်။
ရွှေ့ပြောင်းလုပ်သားများအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း - IOM ကလည်း သူတို့၏ လုပ်ငန်းများကို မုန်တိုင်းသင့်များ နေစရာ အကွယ်အကာ ရရှိရန် လောလောဆယ် အာရုံစိုက်နေကြောင်း ပြောသည်။
ဘန်ကောက်မြို့ရှိ IOM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခရစ်(စ်) လွန်း Chris Lom က “ကျနော်တို့ အခုအခါမှာ သူတို့ နေထိုင်စရာ အကွယ်အကာ ရရှိရေးကို အဓိကထားနေပါတယ်။ အဲဒီဟာကို ကျနော်တို့ဆီမှာ ရန်ပုံငွေ ရှိနေသရွေ့ ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။
“အခု လောလောဆယ် ဥရောပနိုင်ငံတွေနဲ့ တခြားနေရာတွေကနေရတဲ့ အလှူငွေတွေနဲ့ မုန်တိုင်းသင့် ဒုက္ခသည်တွေ နေထိုင်စရာ ရရှိရေး စီမံကိန်းကို ကျနော်တို့ လုပ်နေပါတယ်။ ဆေးဝါးဆိုင်ရာ စီမံကိန်းတွေနဲ့ လူမှုရေးဆိုင်ရာ စီမံကိန်းတွေကိုလည်း ဆက်လုပ်နေပါတယ်” ဟု သူက ထည့်သွင်းပြောဆိုသည်။
စိန်ခေါ်မှုများ ရှိနေဆဲ
အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ၏ ကြိုးပမ်းအားထုတ်မှုများ ရှိသော်လည်း၊ ပြန်လည် ထူထောင်ပေးရေးနှင့် ပြန်လည် တည်ဆောက်ပေးရေး လုပ်ငန်းများသည် အစိုးရ၏ ကန့်သတ်ချက်များကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းများ သွားလာလှုပ်ရှားရာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်ရာတွင် အကြီးအကျယ် အနှောင့်အယှက် အဟန့်အတားများ ရှိနေကြောင်း ဒေသတွင်းရှိ ကူညီကယ်ဆယ်ရေး လုပ်သားများက ပြောသည်။Care International တွင် လုပ်ကိုင်နေသော စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားတဦးက အစိုးရသည် မြစ်ဝကျွန်းပေါ်ဒေသတွင် လွတ်လပ်စွာ သွားလာလှုပ်ရှားမှုမှသည် ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ထိန်းချုပ်ခြင်းအထိ ကန့်သတ်ချက်များကို ဆက်လက် စည်းကြပ်နေသောကြောင့် အကျိုးဆက်အနေဖြင့် ကယ်ဆယ်ရေး အေဂျင်စီတချို့ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့် မရှိသည့်အတွက် မြန်မာပြည်မှ ထွက်ခွာသွားရသည်ဟု ပြောသည်။
မည်သို့ဆိုစေ၊ သူ၏ အမည်ကို ထုတ်ဖော်ခြင်း မပြုရန် မေတ္တာရပ်ခံထားသည့် အဆိုပါ စေတနာ့ဝန်ထမ်းက စစ်အစိုးရ၏ ကန့်သတ်ချက်များကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာပြည်မှ ထွက်ခွာသွားသော အစိုးရမဟုတ်သော အဖွဲ့ - NGO များ၏ အမည်များကိုမူ ထုတ်ဖော်ပြောဆိုရန် ဆန္ဒ မရှိခဲ့ပေ။
“အကူအညီပေးရေး အဖွဲ့အစည်းတွေ အားလုံးဟာ စစ်အစိုးရရဲ့ ခွင့်ပြုထားတဲ့ ဒေသတွေမှာသာ လုပ်ဆောင်ခွင့် ရှိကြတယ်။ စစ်အစိုးရက တင်းကျပ်ထားတဲ့ နေရာတွေမှာ အကူအညီပေးမှုတွေ လုပ်ဆောင်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်ဘူး” ဟု အဆိုပါ ကယ်ဆယ်ရေး လုပ်သားက ထည့်သွင်းပြောဆိုသည်။
မြန်မာစစ်အစိုးရ၏ လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဌာနမှ ပုသိမ်မြို့နယ်၊ ပြည်တကောင်းကျေးရွာ အောက်ပိုင်းဒေသတွင် လုပ်ကိုင်နေသော NGO တခုအား ထိုကျေးရွာတွင် ဆက်လက် လုပ်ကိုင်ရန် တားမြစ်လိုက်သဖြင့် ပြီးခဲ့သည့်လမှ စတင်၍ လုပ်ငန်းများ ရပ်တန့်လိုက်ရကြောင်း သူက ပြောသည်။
စစ်အစိုးရ၏ ပြင်းထန်သော တင်းကျပ်မှုများကို ရင်ဆိုင်ရပြီးနောက်၊ Care International သည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် အပါအဝင် အချို့နေရာများတွင် သူတို့၏ လုပ်ငန်းများကို ရပ်တန့်ခဲ့ရကြောင်း သူက ဆက်ပြောသည်။
“နိုင်ငံတကာ ကူညီကယ်ဆယ်ရေး လုပ်သားတွေအတွက် အခုအချိန်ထိ ပြည်ဝင်ခွင့် ဗီဇာကို ပိတ်ပင်ထားဆဲ ရှိနေပြီး၊ အထူးသဖြင့် နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားတွေကို မြစ်ဝကျွန်းပေါ်ဒေသတွေကို သွားရောက်ခွင့် ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
“စစ်အစိုးရရဲ့ ပါဝင်စွက်ဖက်မှုတွေကြောင့် ကူညီကယ်ဆယ်ရေး အလုပ်တွေ လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့် လုပ်ငန်းတွေမှာ ၁ဝဝ ရာခိုင်နှုန်း ထိရောက်မှု မရှိပါဘူး” ဟု သူက ပြောသည်။
“ဒါပေမဲ့ ဒါဟာ ဘာမှ လုပ်မပေးတာထက် စာရင်တော့ ပိုကောင်းပါတယ်” ဟု သူက ဆိုသည်။
''စစ်အစိုးရရဲ့ တင်းကျပ်မှုတွေအပြင်၊ ရန်ပုံငွေ မလုံလောက်မှုဟာလည်း အကြီးမားဆုံးသော စိန်ခေါ်မှုပါပဲ'' ဟု အေဂျင်စီများက ပြောသည်။
TCG ၏ Post Nargis Recovery and Preparedness Plan အစီရင်ခံစာတွင်၊ ၃ နှစ်တာ ပြန်လည် နာလံထူနိုင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ခန့် လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ပြခဲ့ပြီး၊ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကိုသာ ရှာဖွေနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ ကုလ ဆက်သွယ်ရေးအရာရှိ အက်စ်ထရစ် ဆီဟဲလ် Astrid Sehl ၏ အဆိုအရ ဧပြီလမတိုင်မီအထိ အရေးပေါ်နှင့် ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၇ သန်းကို ကုသလမဂ္ဂမှ တောင်းခံခဲ့ရာတွင် ၃၁၅ သန်းသာ ရရှိကြောင်း၊ ယင်းသည် လိုအပ်ချက်၏ ၆၆ ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိရသည်။
WFP မှ ခရစ်(စ်) ကေး Chris Kaye က ချက်ချင်းလက်ငင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကဏ္ဍများ အမြောက်အမြား ရှိနေသော်လည်း၊ အဓိက အတားအဆီးမှာ ရန်ပုံငွေ မလုံလောက်မှုဖြစ်ကြောင်း ပြောသည်။
“လုံလောက်တဲ့ လူနေမှုဘဝ အထောက်အပံ့တွေ မရှိတဲ့ အခုလို အခြေအနေမှာ၊ အနည်းဆုံး လူဦးရေ ၂ သိန်းခွဲဟာ စားနပ်ရိက္ခာထောက်ပံ့မှု ဆက်ရဖို့ လိုနေအုံးမှာပါပဲ” ဟု သူက ဆိုသည်။
''နိုင်ငံတကာ အစိုးရနဲ့ အလှူရှင်တွေရဲ့ ဆက်လက် ထောက်ပံ့ပေးမှုတွေဟာ အခြေခံ မရှိမဖြစ် လိုအပ်ချက်ပါ။ သူတို့အနေနဲ့ မူလ တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၁၁၅ သန်းမှာ ၈ဝ ရာခိုင်နှုန်းဖြစ်တဲ့ ၉၃ သန်းကို လက်ခံရရှိပြီးပါပြီ'' ဟု သူက ဆိုသည်
“မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူဦးရေ ၂ ဒဿမ ၄ သန်း အပြည့်အဝ ပြန်လည် နာလံထူနိုင်ရန်အတွက် နိုင်ငံတကာ ပြည်သူတွေအနေနဲ့ ကူညီထောက်ပံ့မှုတွေ ဆက်လက်ပံ့ပိုးပေးကြဖို့ ကုလသမဂ္ဂက တောင်းဆိုထားပါတယ်” ဟု အက်စထရစ် ဆီဟဲလ်က ပြောသည်။
''အသက်ရှင် ကျန်ရစ်ခဲ့သူ အများစုဟာ အကူအညီတချို့ကို ရရှိခဲ့ပေမယ့်လည်း၊ အပြည့်အဝ ပြန်လည် နာလံထူနိုင်ဖို့ အနဲငယ်လောက်သာ လုံလောက်တဲ့ အကူအညီ ရခဲ့ကြတယ်'' ဟု Save the Children အဖွဲ့က ပြောဆိုသည်။
“ကလေးသူငယ် ၂ သိန်း အပါအဝင် လူဦးရေ ၅ သိန်းကျော်ဟာ ယာယီ ရွက်ဖျင်တဲတွေမှာ နေကြရတုန်းပါ” ဟု ရန်ကုန်ရှိ Save the Children အဖွဲ့မှ ဒါရိုက်တာ Andrew Kirkwood က မဇ္ဈိမကို ပြောဆိုခဲ့သည်။
မုန်တိုင်းသင့်ဒေသ ဘုန်းကြီးကျောင်း အလှူအတန်း ထက်ဝက်ကျော် လျော့ကျ
0 commentsဖနိဒါ |
သောကြာနေ့၊ မေလ 01 2009 19:53 - မြန်မာစံတော်ချိန် |
ဤသည်မှာ နာဂစ်သင့် ဒကာ၊ ဒါယိကာမများ၏ စီးပွားရေး ပျက်စီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များက ပြောဆိုကြခြင်းဖြစ်သည်။
“အလှူအတန်းကတော့ ၇၅ ရာခိုင်နှုန်း ကျသွားတယ်။ အရင်ကထက် တောဘက်က နည်းသွားတယ်။ သာသနာရေး လုပ်ငန်းစဉ်ပိုင်းမှာကတော့ မလျော့ပါဘူး။ စာချတာတွေက မလျော့ဘူး။ လှူဒါန်းရေးတွေကတော့ လျော့နည်းသွားတယ်” ဟု ဘိုကလေးမြို့ပေါ်ရှိ မဟာဝိသုတာရာမ စာသင်တိုက်မှ ဦးဇင်း ဦးကေသဝက မဇ္ဈိမကို မိန့်သည်။
လပွတ္တာမြို့နယ် ပြင်စလူခရိုင်ရှိ လေယာဉ်ကွင်းရွာမှ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် ပြီးခဲ့သည့်လ သင်္ကြန်ကာလအတွင်း အလှူအတန်းများမှာ ယခင် မုန်တိုင်းမကျခင်ကထက် အများအပြား ကျဆင်းသွားခဲ့သည်။
''ပြောင်းလဲသွားပါတယ်။ ဘယ်လိုလဲဆိုတော့ လူတွေက စားဝတ်ရေး ကျပ်တည်းတာကြောင့် မပေးနိုင်တော့ဘူး။ အရင်လို မပေးနိုင်တော့ဘူးလေ။ မနှစ်ကဆို စောင်၊ ပုဆိုး တွဲပြီး လှူနိုင်တယ်။ သက်ကြီးပူဇော်ပွဲအတွက်ကို ၅ဝဝ ကျပ်ပဲ ပါတယ်။ ဒီနှစ်တော့ ဆပ်ပြာလောက်ပဲ လှူနိုင်တော့တယ်။ မနှစ်က ၁ဝဝ လောက် ပေးနိုင်ရင် ဒီနှစ်က ၂ဝ လောက်ပဲပေါ့'' ဟု ကျောင်းတိုက်မှ အရှင် ဦးသြဘာသက မိန့်သည်။
လက်ရှိတွင် သံဃာတော်များ ခံဆွမ်း လုံလောက်နေသော်လည်း အာရုံဆွမ်းအတွက် မလုံလောက်သဖြင့် နာဂစ်ဒဏ်ခံ ကျေးရွာ ဒကာ၊ ဒါယိကာမများထံမှ ရသလောက် လှည့်ပတ်အလှူခံကာ ဆွမ်းဘုန်းပေးနေရသည်။
“လက်ရှိ အနေအထားက ပြောမယ်ဆိုရင် ခံဆွမ်းကတော့ ပြည့်စုံပါတယ်။ ဒါပေမဲ့ အာရုံဆွမ်းအတွက် နည်းတယ်။ လှူဒါန်းဆန်တွေကလည်း တအိတ်သော်လည်းကောင်း၊ တဝက်သော်လည်းကောင်း မရောက်တာကြာပြီ။ ဒါကြောင့် ချို့တဲ့ချိန်မှာ ဒကာ၊ ဒါယိကာမ တွေဆီက ရတဲ့ ဆွမ်းကိုပဲ ချက်စားနေရတဲ့ အခြေအနေပဲ” ဟု ဦးသြဘာသက ဆိုသည်။
ထို့အပြင် လပွတ္တာမြို့နယ် ပြင်စလူခရိုင်ရှိ ဘုန်းကြီးကျောင်း အနည်းဆုံး ၁ဝ ကျောင်းခန့်နှင့် သာသနိက အဆောက်အဦများမှာ ယခုအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပါ။
“အဆောက်အဦတွေ ဘာမှ မလုပ်ရသေးဘူး။ ပြိုပျက်သွားတဲ့အတိုင်းသာ ရှိသေးတယ်။ ဓမ္မာရုံတို့ဆို ဒီအတိုင်းပဲ။ တချို့ကျောင်းတွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြင်တာ ရှိတယ်။ တချို့ကျောင်းတွေက လုံးဝ မဆောက်ရသေးဘူး။ ဝါတွင်း ၃ လ နေဖို့အတွက် တော်တော် ခက်ခဲတယ်” ဟု အရှင် ဦးသြဘာသကပင် ဆက်လက်မိန့်ဆိုသည်။
ပျက်စီးခဲ့သည့် ဓမ္မာရုံနှင့် ဇရပ်များမှာ တန်ဖိုးအားဖြင့် ကျပ် သိန်း ၃ဝဝ ခန့်ရှိကြောင်း ဒေသခံများက ခန့်မှန်းသည့် လေယာဉ်ကွင်းကျောင်းသို့ နာဂစ်သင့် တနှစ်တာအတွင်း သီရဂူဆရာတော်က ကျပ်ငွေ တသိန်း၊ ဆန်တအိတ်နှင့် အဝတ်အစားများ၊ သွပ် ၁၅ဝ ချပ်နှင့် သာသနာရေးဌာနမှ သွပ်အနည်းငယ်နှင့် အလှူအတန်း အချို့သာ ရခဲ့သော်လည်း ယနေ့ထိ အခြား အဖွဲ့များထံမှ မရပါ။
သို့သော် လေယာဉ်ကွင်းရွာတွင် ကုလဖွံ့ဖြိုးရေးအစီအစဉ် - UNDP က ငွေ တသိန်း လှူဒါန်းမှုဖြင့် သေဆုံးခဲ့သည့် မိဘများအား ရည်စူးပြီး မိဘမဲ့ ကလေး ၁ဝ၂ ဦးအား သာသနာရေး ဘောင်အတွင်း သွပ်သွင်းသည့် ရဟန်းရှင်ပြုပွဲကို ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အတွင်း ကျင်းပခဲ့သည်။
ဘာသာရေးကို ယခင်လို တိုးတက်ဖြစ်ထွန်းလာရန် နာဂစ်ဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ထိရောက်စွာ ထူထောင်ပေးမှသာလျှင် ဖြစ်နိုင်ကြောင်း အရှင် ဦးသြဘာသက သုံးသပ်သည်။
“ကျေးရွာသားတွေက အရင်ကဆို စက်လှေတွေ ရှိတယ်။ ရေထဲ ပါသွားကြတော့ အခု ဘာမှ မလုပ်နိုင်ကြဘူး။ ရပ်ရွာအတွက် ပြည်လည်ထူထောင်လာနိုင်အောင် အဲဒီ ဒကာ၊ ဒါယိကာမတွေရဲ့ လုပ်ငန်းတွေကို ပြန်ပြီး ပေးနိုင်မယ်ဆိုရင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ်။ ဘာသာရေးလည်း တိုးတက်လာနိုင်မယ်။ အခုတော့ ထမင်းတလုပ် စားဖို့အတွက် ရုန်းကန်နေရတယ်လေ” ဟု ဦးသြဘာသက မိန့်ကြားသည်။
ဘိုကလေးမြို့ ဇေယျမေဒနီ ကျောင်းတိုက်မှ ဦးဇင်း ဦးဉာဏဝံသ ကလည်း တနှစ်ကျော်ခဲ့သည့် ဘာသာရေးနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှုများ လျော့နည်းနေသော်လည်း ယခင်ကလို တိုးတက်လာအောင် ကြိုးစားလျက်ရှိသည်ဟု မိန့်ဆိုသည်။
ဖျာပုံမြို့နယ်က နာဂစ်ဘေးသင့်သူများ တာပေါ်လင် အမိုးအိမ်ဖြင့်နေရဆဲ
0 comments Thursday, April 30, 2009
“အရင်ကဆိုရင်တော့ ဒီရွာဟာ အိမ်ခြေ (၈၀) ကျော်လောက်သာရှိတဲ့ မိသားစုတွေနေထိုင်ကြတယ်။ အခုတော့ နှစ်ဆတိုးလာတယ်။ ဘာလို့လည်းဆိုတော့ နာဂစ်မဖြစ်ခင်က လူတွေဟာ လယ်တွေလုပ်ရင်း၊ ရေလုပ်ငန်းလုပ်ရင်း၊ ကျပန်းလုပ်ကိုင်ရင်းနဲ့  ကွင်းထဲတွေမှာ နေကြတယ်လေ။ မုန်တိုင်းတိုက်ပြီးတော့ ရွာထဲကို ပြောင်းပြေးလာကြတယ်။ နေစရာက မရှိတော့ဘူးလေ။ အလှူရှင်တွေလှူတဲ့ နေစရာလေးတွေကိုပဲ ခုထိ မျှော်နေရဆဲပဲ” ဟု ဖျာပုံမြို့နယ် အချာလေးကျေးရွာသားတဦးက ပြောသည်။
နာဂစ်ကာလက ရွာတွင် အစိုးရကပေးသော အလှူပစ္စည်းများ အနည်းစုသာရရှိခဲ့ပြီး ယခုအခါ save the children/ world vision နှင့် အခြားသော ပုဂ္ဂလိကအဖွဲ့အစည်းများက စားဝတ်နေရေးကိစ္စရပ်များကို ဖြေရှင်းပေးနေဆဲ ဖြစ်ကြောင်း ရွာခံများက ပြောသည်။
ဒေးဒရဲမြို့နယ်တွင်းရှိ ဇီးဖြူချောင်းရွာ၊ တမံစုရွာတို့တွင် နေအိမ်အခက်အခဲဖြစ်နေသူအချို့ ရှိနေကြောင်း ရွာခံများက ပြောသည်။
“ကျနော်တို့က ဘောက် (ကျပန်း) လုပ်စားတာပါ။ အမှန်အတိုင်းပြောရရင် အရင်တုန်းကလည်း ကျနော်တို့ တောနေရတာ ဒီလိုပုံစံမျိုးပါပဲ။ ဒါပေမယ့် တခုကွာတာက အိမ်တွေသေးသေးလေး ဖြစ်ချင် ဖြစ်မယ်၊ သေသေသပ်သပ် အမိုးအကာနဲ့ ကျကျနန ဆောက်ထားကြတာလေ။ နာဂစ်မုန်တိုင်းက ကျနော်တို့ရဲ့ အိမ်တွေကို အမှိုက်တစလေးလိုပဲ သယ်သိမ်းသွားတာလေ။ အရင်က ကျပန်းလုပ်ကိုင် စားသောက်တယ်ဆိုပေမယ့် အလုပ် လုပ်ရတာ လွယ်ကူတယ်။ ရှင်းရှင်းပြောရရင် ငွေရှာရတာ လွယ်တယ်လေ။ ခုများတော့ မလွယ်တော့ဘူး။ ဒါကြောင့် အလှူရှင်ကိုပဲ မျှော်ရတာပါ” ဟု ဇီးဖြူချောင်းကျေးရွာသားတဦးက ပြောသည်။
ရွာတရွာလျှင် အိမ်ခြေ (၁၀၀) မှ (၂၀၀) ၀န်းကျင်ရှိသော ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စုရှိ ရွာများတွင် နာဂစ်တိုက်ပြီးစဉ်ကာလက အလှူရှင်များပေးသော တာပေါ်လင် အမိုးနဲ့  ၀ါးထရံအကာ အိမ်များဖြင့် ပြီးခဲ့သည့် မိုးရာသီကာလကို ကျော်လွန် ဖြတ်သန်းခဲ့ကြရပြီးနောက် ယခုနှစ်အတွက် တတ်နိုင်သူများအနေဖြင့် ဓနိကို ပြောင်း၍ မိုးကြသော်လည်း မတတ်နိုင်သူများအနေဖြင့် တမိုးအသုံးပြုပြီးသော တာပေါ်လင် အမိုးအိမ်တို့ဖြင့်သာ ယခုနှစ် မိုးရာသီကို ကုန်လွန်ရတော့မည် ဖြစ်ကြောင်း ယင်းဒေသရှိ ရွာခံများက ပြောပြကြသည်။
နာဂစ်သင့်ဒေသ ကျောင်းများ ဆောက်လုပ်ရေး သဘောကွဲလွဲ
0 commentsမဇ္ဈိမသတင်းဌာန |
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 20:04 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ကလုံး နာဂစ်ဒဏ်သင့် ဒေသများတွင် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ခွင့် ပြုရေးအပေါ် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အမှတ် ၁ အခြေခံပညာဦးစီးဌာန အရာရှိများအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လျက် ရှိသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြန်လည် ထူထောင်ရေးအတွက် ကွပ်ကွဲရေးဝန်ကြီးများက ကုမ္ပဏီ ၄ဝ ကို စာသင်ကျောင်းပေါင်း ၆၈ဝ ကို ပြန်လည် တည်ဆောက်ခွင့် ခွဲတမ်း သတ်မှတ်ပေးထားသည့်အပေါ် အခြေခံပညာ အရာရှိများက လက်မခံဘဲ ခွဲတမ်းအသစ် ပြန်လည် ချထားမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ရန် ကုမ္ပဏီများနှင့် သဘောတူလက်မှတ် မရေးထိုးနိုင်သေးဘဲ ရှိနေသည်။
”အခြေခံပညာ ဦးစီးဌာနက ကျောင်းဆောက်လုပ်ရေးတွေမှာ သူတို့ဘာသာ စီမံခန့်ခွဲမှု လုပ်ချင်တယ်။ ဒါကြောင့် နာဂစ် ဝန်ကြီးတွေဆီက လာတဲ့ စာရင်းကို သူတို့ စိတ်ကြိုက် ပြန်ပြင်ကြတယ်” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။
စုစုပေါင်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၂ဝဝဝ ကျော်ရှိ စာသင်ကျောင်းများ ဆောက်လုပ်ခွင့် ရရေးအတွက် လုပ်ငန်းရှင်များက သက်ဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးမှုများ ရှိနေသည်ဟု အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၈၄၅၃၇ ဦး သေဆုံးပြီး၊ ပျောက်ဆုံးသူ ၅၃၈၃၆ ဦး ရှိခဲ့သည်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော မြို့နယ် ၃ဝ တွင် ဘုန်းတော်ကြီး စာသင်ကျောင်းများ အပါအဝင် အများပြည်သူပိုင် ကျောင်းများ၏ ၅ဝ မှ ၆ဝ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်ဟု ပူးပေါင်း အကဲဖြတ် လေ့လာရေး အစီရင်ခံစာတွင် ပါရှိသည်။
အမှတ် ၁ အခြေခံပညာ ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများသည် ယခုအချိန်အထိ သဘောတူညီမှု မရသေးသဖြင့် မိုးရာသီ ကျရောက်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။
ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဟု ဆိုကာ စစ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်အချို့ကို ဒေသခွဲ ချမှတ်ပေးခဲ့သလို လုပ်ငန်းတိုးတက်မှုကို ကြီးကြပ်ရန် ဝန်ကြီးအချို့ကိုလည်း တာဝန်ပေးခဲ့သည်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ကာလဝမ်းရောဂါ အသွင်ပြောင်း
0 commentsမဇ္ဈိမသတင်းဌာန |
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 12:46 - မြန်မာစံတော်ချိန် |
သောက်သုံးရေ ရှားပါးသော မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများ၊ ရန်ကုန်၊ မန္တလေးတို့ရှိ မြို့နယ်အချို့နှင့် နာဂစ် မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း မြို့နယ်အချို့တွင် လတ်တလော ဖြစ်ပွားလျက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုသည် ကူးစက်ပျံ့နှံ့လာပြီး ကာလဝမ်းရောဂါ အသွင်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
မတ်လ လယ်တွင် မြန်မာ့ အလယ်ပိုင်း ဒေသ မကွေး၊ မိတ္ထီလာ ၊ ဧပြီလဆန်းပိုင်းတွင် ရန်ကုန်တိုင်း မြို့နယ်များ ဖြစ်သော် သာကေတ၊ ဒေါ်ပုံ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာ၊ သန်လျင်၊ ဧရာဝတီတိုင်း နာဂစ်ဒဏ်သင့် လပွတ္တာ၊ ဘိုကလေး ဒေသများနှင့် သင်္ကြန်ကာလ အတွင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်နှင့် အမရပူရတို့တွင် ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်း ဝမ်းပျက် ဝမ်းလျော ဆက်လက် ကူးစက် ဖြစ်ပွား နေသည်။
“အသေအပျောက်တော့ ရှိပါတယ်။ ဒါပေမယ့် တိတိကျကျ စာရင်းကောက်ယူ ထားတာမျိုးတော့ မရှိသေးပါဘူး။ သိသလောက်တော့ သာကေတမှာ သေတယ်။ မြောက်ဥက္ကလာနဲ့ မြင်းခြံတို့မှာ အခြေအနေ ဆိုးတယ်။ ဧရာဝတီတိုင်းက ဖြစ်တာတွေတော့ သတင်းအချက်အလက် မရဘူး။ သေသေချာချာလည်း သွားမလုပ်နိုင်ဘူး။ အားလုံး ပေါင်းရင်တော့ သေတာ၂ဝ ကျော်လောက်တော့ ရှိသွားပြီ။ လက်လှမ်းမမီတာတွေလည်း ရှိပါသေးတယ်” ဟု ဆိုသည်။
ဝမ်းပျက်ဝမ်းလျှောမှာ ယခင်က မိုးဦးကျတွင် စတင် ဖြစ်ပွားတတ်သော်လည်း ယခုနှစ်တွင် နွေရာသီကာလ အတွင်း စတင် ဖြစ်ပွားနေပြီ ကာလဝမ်းရောဂါအဆင့်သို့ ရောက်ရှိနေသည်ဟု သူက ဆိုသည်။
ယင်း ဝမ်းရောဂါ ဝေဒနာရှင်အချို့မှာ နောက်ဆက်တွဲ ရောဂါအဖြစ် အသည်းခြောက် ရောဂါပါ ဆက်လက် ဖြစ်ပေါ်နေကြောင်း ရန်ကုန်ဆေးရုံကြီး အသည်းရောဂါဌာနမှ ပါမောက္ခ ဒေါက်တာသံစစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ဧပြီလ ၂၈ ရက်နေ့ထုတ် True News သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
0 commentsမြင့်မောင် |
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 19:04 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ထူးကဲစွာ ဝက်သေဆုံးမှုများ ဖြစ်ပေါ်နေရာ ဝက်တုပ်ကွေးရောဂါ စိုးရိမ်မှုကို မီးထိုးပေးလိုက်သည်။
တပိုင်တနိုင် ဝက်မွေးမြူးရေး လုပ်ငန်းများ လုပ်နေသည့် တွံတေးမြို့ အုတ်ဖို အနောက်ပိုင်းရပ်ကွက်၊ တံခွန်တိုင်နှင့် ဇီးဖြူကုန်းရွာတွင် ဝက်ကောင်ရေ ၂၅ ကောင်ခန့် ဧပြီ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့သည်။
“မသေခင်မှာ ပါးစပ်ထဲက အမြှုပ်တွေ ထွက်တယ်။ ဆန့်တငင်ငင် ဖြစ်တယ်။ ၂ နာရီ လောက်ကြာရင် သေသွားတယ်။ သေသွားတဲ့ ဝက်တွေကို ပေါ်လိုက်တဲ့အခါ အသားတွေက မဲပုပ်ပုပ် ဖြစ်နေတယ်။ အဲဒီ ဝက်တွေကို ကြည့်လိုက်ရင် ရေဓာတ် ခမ်းခြောက်တဲ့ အနေအထား ရှိတယ်။ ” ဟု တွံတေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ထို့အပြင် တွံတေးမြို့ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာဌာန ဝန်ထမ်းများသည် ဒေသတွင်းသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ရောဂါဖြစ်သည်ကို အမည်တပ်နိုင်ခြင်း မရှိကြောင်းနှင့် အခြား ကျေးရွာများတွင်ပါ ယခုလို ဝက်သေဆုံးမှုများ ပေါ်ပေါက်လာပါက အကြောင်းကြားရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ဇီးဖြူကုန်း ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဝက်မွေးမြူရေး လုပ်တာတွေ ရှိတယ်။ တပိုင်တနိုင် မွေးမြူးရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင် တယောက်ဟာ ဝက်အကောင်ရေ ၅ဝ လောက် မွေးထားရာမှာ အခုဆို ၂၂ ကောင်ပဲ ကျန်တော့တယ်။ ' ဟု မဇ္ဈိမကို ပြောသည်။
ယခုအခါ တွံတေးမြို့ ဝက်သားဆိုင်များတွင် ဝက်သား အရောင်းအဝယ် ထိုင်းမှိုင်းသွားသည်။
မက္ကဆီကိုနိုင်ငံမှ စတင်ခဲ့သည့် ဝက်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံ အချို့သို့ ကူးစက်မှုရှိနေပြီး စိုးရိမ်သောက များနေချိန်တွင် ဝက်များ ယခုကဲ့သို့ အစုလိုက် သေဆုံးခြင်းက လူအများ အာရုံစိုက်စရာ ဖြစ်လာစေခဲ့သည်။
နာဂစ် ကလေးငယ်များ ပညာရေး ခက်ခဲနေဆဲ
0 commentsနာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ကလေးငယ်များ၏ ပညာရေးအတွက် အခက် အခဲများစွာ ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပညာရေး ဒုက္ခသည် နာဂစ် ကလေးငယ်များ (ဓာတ်ပုံ - အောင်သက်ဝိုင်း)
မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အခြေခံပညာကျောင်းပေါင်း ၄၀၀၀ ကျော် ပြိုလဲပျက်စီးခဲ့ရာ မုန်တိုင်းတိုက်ပြီး တနှစ်ပြည့်ချိန်နီးအထိ စာသင်ကျောင်းပေါင်း ၁၅၀၀ နီးပါးသာ ပြန်လည်ပြုပြင်နိုင်သေးကြောင်း ယင်းဒေသတွင် ကျောင်းများဆောက်လုပ်နေသော နာမည်ကျော်ဆောက်လုပ်ရေးကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်ပိတ်တဲ့ အချိန်ထိ စာသင်ကျောင်းပေါင်း ၆၀၀ ကျော်အစိုးရက တည်ဆောက် ပြီးစီး တယ်။ အခု၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေးနှစ်အစမှာ ကျောင်းပေါင်း ၇၀၀ ကျော်ပြီးစီးအောင် တည်ဆောက်နေတယ်။ အလှူရှင်တွေနဲ့ အဖွဲ့အစည်းတွေကပါ တည်ဆောက်တဲ့ အရေအတွက်ပါထည့်ပေါင်းရင် ပျက်စီးသွားတဲ့ စာသင် ကျောင်း ၄၀၀၀ မှာ ၁၅၀၀ လောက် ပြုပြင်တည်ဆောက်နေကြတယ်”ဟု အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီ တာ ၀န် ရှိသူက ဆိုသည်။
မုန်တိုင်းသင့်ဒေသတွင် စာသင်ကျောင်းများဆောက်လုပ်နေသော ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် စီးပွား ရေး အကြပ်အတည်း ကြုံချိန်ဖြစ်သည့်အတွက် သတ်မှတ်ချိန်တွင်ပြီးစီးရန် အခက်အခဲများရှိနေကြောင်း သိရသည်။
“ကျောင်းတခုဆောက်မယ်ဆိုရင် အစိုးရဆီက ငွေကြိုမရဘူး။ ဆောက်ပြီးတဲ့အဆင့်ကိုလိုက်ပြီး ငွေလေးရစ်ခွဲယူရ တယ်။ ငွေမလည်တဲ့ ကုမ္ပဏီတွေအနေနဲ့ စီးပွားရေးအကြပ်အတည်းကြောင့် စာသင်ကျောင်းတွေ ကျောင်းဖွင့်ချိန် အမီ ပြီးနိုင်ဖို့ မလွယ်ပါဘူး”ဟု မုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ၀ါဝါ၀င်း ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတဦးက ရှင်းပြသည်။
ထိုသို့ ပျက်စီးသွားသည့် စာသင်ကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပြီးစီးရန် လိုအပ်နေသည့်အပြင် စာသင် ကျောင်းမရှိသော ကျေးလက်တောရွာများလည်း ရာနှင့်ချီကာ အများအပြားရှိနေကြောင်း သိရသည်။
“ရွာပေါင်း၂၄ ရွာ ရှိတဲ့ ဒိုင်နယ်(ကျေးရွာအုပ်စု) တခုမှာ မူလတန်း စာသင်ကျောင်းက ဆယ်ကျောင်းလောက် ပဲရှိ တယ်။ ရွာတိုင်းမှာ စာသင်ကျောင်းမရှိတော့ ကျောင်းတက်ဖို့ အရမ်းခက်ခဲတယ်။ မိုးတွင်းလို အချိန်မျိုးဆိုရင် ကလေး တွေကျောင်းတက်ဖို့လုံးဝခက်ခဲပါတယ်”ဟု လပွတ္တာမြို့နယ်၊ ရှော်ချောင်းကျေးရွာအုပ်စုဝင်မိကျောင်းအိုင် ကျေးရွာမှ ကျေးရွာအာဏာပိုင်တဦးက ပြောသည်။
တချို့စာသင်ကျောင်းရှိသော ကျေးရွာများတွင် သင်ကြားမည့် ဆရာ၊ ဆရာမ မရှိသည့်အတွက် ကျေးရွာ က ငွေကြေးစုဆောင်း၍ ပြင်ပမှ ဆရာ၊ ဆရာမများကို ခက်ခက်ခဲခဲ ငှားရမ်းရမှုများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
“မူလတန်းဆရာ၊ ဆရာမ တယောက် ငှားမယ်ဆိုရင် စာသင်နှစ် တနှစ်အတွက်စပါးတင်းတရာ၊ တရာ့ငါးဆယ် (ငွေသုံးသိန်းနှင့်ငါးသိန်းကြား) ချက်ချင်းပေးရတယ်။ ဒါတောင် ခက်ခက်ခဲခဲငှားရတာ။ အစိုးရက တာဝန်ချပေး မယ့် ဆရာ၊ ဆရာမက ရချင်မှရတာ”ဟု ဘိုကလေးမြို့နယ် ကျေးရွာအုပ်စုကြီးတခုမှ ရွာလူကြီးတဦးက ပြော သည်။
ကျေးရွာများတွင် မူလတန်းပြီးဆုံးသွားပါက အလယ်တန်းနှင့် အထက်တန်းပညာများသင်ယူရန် စာသင်ကျောင်း မရှိဘဲ ငွေကြေးတတ်နိုင်သူများသာ ရွာကြီးများ၊ မြို့ကြီးများရှိ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်း များတွင် ဆက်လက်ပညာသင်ကြားနိုင်ကြကြောင်း၊ ကလေးအများစုမှာ ဆက်လက်စာသင်ကြားနိုင်ခြင်း မရှိဘဲ ကျောင်းမှထွက်ကာ လယ်လုပ်ငန်း၊ တံငါလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြရကြောင်းလည်း သိရသည်။
“မူလတန်းပြီးရင် အလယ်တန်းနဲ့ အထက်တန်းတက်ဖို့ တွဲဖက်အထက်တန်းကျောင်းရှိတဲ့ရွာကြီးတွေမှာသွားတက် ရမှာဆိုတော့ တော်ရုံတန်ရုံငွေကြေးမရှိတဲ့ လယ်သမား၊ တံငါသမားအများစု သားသမီးတွေက ကျောင်းထွက်ပြီး လယ်လုပ် ငါးဖမ်းလုပ်ကြတယ်”ဟု လပွတ္တာ၊ စလူချောင်းကျေးရွာသား တဦးက ဆိုသည်။
မြစ်ဝကျွန်းပေါ် ကျေးလက်တောရွာများတွင် လေးတန်းထိသာ ပညာသင်ကြားရသော ကလေးအများစု ရှိနေပြီး အလယ်တန်းနှင့် အထက်တန်း ပညာသင်ကြားရသော ကလေးအရေအတွက်နည်းပါးလှသည်ဟု သိရှိရသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတခုလုံးတွင် အခြေခံပညာကျောင်းပေါင်း ၆၃၂၄ ကျောင်းရှိသည့်အနက် အလယ် တန်း ကျောင်း ၄၃၂ ကျောင်းနှင့် အထက်တန်းကျောင်း၂၅၇ ကျောင်းသာ ရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။
နာဂစ်ဒေသ အကူအညီ “အကြီးအကျယ်” လိုအပ်
0 commentsနာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး တနှစ် ပြည့်တော့မည့် အချိန်တွင် ဒုက္ခသည်များ အတွက် သောက်သုံးရေ အပါအ၀င် အကူအညီ အထောက်အပံ့များ အကြီးအကျယ် လိုအပ်နေဆဲဖြစ် သည်ဟု ကယ်ဆယ် ကူညီရေး အဖွဲ့များထံမှ သိရသည်။

ဧရာဝတီတိုင်းမှ နာဂစ်မုန်တိုင်း ဒုက္ခသည် ကလေးငယ်တဦး (ဓာတ်ပုံ - အေပီ)
မိဘမဲ့ ကလေးငယ် အများအပြား ဘုန်းကြီးကျောင်းများ၊ ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း Andrew Kirkwood က ရှင်းပြသည်။
မုန်တိုင်းဒဏ် သင့်ခဲ့သူများ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသ အနောက်တောင်ပိုင်းရှိ ဒုက္ခသည်များ၏ ဘ၀ ပြန်လည် နာလန်ထူရေး အတွက် နှစ်အတော်ကြာ အချိန်ယူရမည်ဟု Andrew Kirkwood က ခန့်မှန်းထားသည်။
ယမန်နေ့က နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး ဆိုင်ရာ အစည်းအဝေးတခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာပြည် ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်၊ ကုလ သမဂ္ဂ စားနပ် ရိက္ခာအဖွဲ့ နှင့် ဟော်လန်အခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့ တို့၏ မြန်မာပြည် အခြေစိုက် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် နာဂစ် ဒေသသို့ ရိုက်ခတ်မည့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ သက်ရောက်မှုများကို ဦးစားပေး ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးချက်များတွင် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ၊ နာဂစ် ဒုက္ခသည်များအတွက် နိုင်ငံတကာ၏ ထောက်ပံ့မှုများ လုံလောက်မှု ရှိ မရှိ စသည့် အကြောင်းအရာများလည်း ပါဝင်သည်။
ဤအတောအတွင်း ဥရောပ နိုင်ငံများက မြန်မာပြည်သို့ အကူအညီ ပေးမည့် အစီအစဉ်များ ဆက်လက် ပြုလုပ်ရန် အဆင်သင့် ရှိနေကြောင်း ပြောကြားလိုက်သည်။
မြန်မာပြည်သို့ အကူအညီများ ပိုမို ပေးအပ်ရန် အသင့် ဖြစ်နေပြီဟု ဥရောပ ကော်မရှင်၏ ဥရောပ အကူအညီ ပေးရေး ညှိနှိုင်း ဆောင်ရွက်မှု အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Koos Richelle က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် အလွန်အမင်း လိုအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများအတွက် အလှူရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရမည်ဟု Koos Richelle က ပြောသည်။
ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ပတ်သက်ပြီး စစ်အစိုးရက ဆွေးနွေးရန် လက်ခံခြင်း မရှိသဖြင့် အကူ အညီ ပေးရေး လုပ်ငန်းများ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။
“ပြင်ပကမ္ဘာနဲ့ ခပ်ကင်းကင်းနေတတ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်” ဟု Koos Richelle က ဖိလစ်ပိုင်နိုင်ငံတွင် ၂ရက်ကြာ ပြုလုပ်သည့် အာရှ-ဥရောပ အစည်းအဝေးတွင် ပြောလိုက်သည်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့က နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်ခဲ့ရာ လူအသေအပျောက် ၁၄၀ ၀၀၀ ကျော် ရှိခဲ့သည်။
နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
0 comments“ရေက ကျုပ်တို့အောက်မှာ ရှိတုန်းကတော့ အဆင်ပြေတယ်၊ ရေက ကျုပ်တို့ အပေါ်ကို ရောက်လာတော့ ကျုပ်တို့ သေပြီပေါ့” အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်သော ဦးတိုးက ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း အကြောင်းကို ပြန်လည် ပြောပြခြင်း ဖြစ်သည်။

မြစ်ဘေးမှ ပျက်စီးသွားသော အိမ်တလုံး (ဓာတ်ပုံ - Minn Minn/IPS Asia-Pacific)
နာဂစ်၏ ဒေါသမှ လွတ်မြောက်ခဲ့သူများမှာ မကြာမီမှာပင် သောက်သုံးရေအတွက် အခက်ကြုံကြရသည်။ သောက်သုံးရေအတွက် အားကိုးခဲ့ရသည့် ရေတွင်း၊ ရေကန်များမှာ ပင်လယ်ရေများ ဝင်လာသဖြင့် အသုံးပြု၍ မရတော့ပေ။ သောက်ရေအိုး၊ စဥ့်အိုးများမှာလည်း မုန်တိုင်းအတွင်း ပျက်စီးသွားသည်။ သောက်ရေ ရရေးအတွက် ရှိသမျှ ပုံးများ ခွက်များဖြင့် တန်းစီ စောင့်ဆိုင်းသည့် လူတန်းရှည်များမှာ ကယ်ဆယ်ရေး လုပ်ငန်းများ အစပြုစဉ်က တွေ့ရတတ်သည့် မြင်ကွင်းများ ဖြစ်သည်။
ရေ ရရှိမှု နှင့် လယ်သမား အရေအတွက် အားကောင်းခဲ့သောကြောင့် ဤဒေသက ကမ္ဘာ့ စပါးကျီတခု ဖြစ်ခဲ့သည်။ ရေအရင်းအမြစ်များကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ နေလှန်းဆား လုပ်ငန်း၊ ငါး နှင့် ပုစွန် မွေးမြူရေး လုပ်ငန်းများ အဆင်ပြေခဲ့ကြသည်။
လူသားတို့ကြောင့် ပြီးခဲ့သည့် နှစ်များ အတွင်း မြစ်ဝကျွန်းပေါ် ဒေသတွင် မြေမျက်နှာသွင်ပြင် ပြောင်းလဲ သွားသည်။ ထို့ကြောင့် ဆိုင်ကလုန်း အပါအဝင် ဒီရေလှိုင်းကြီးများ၊ လေပြင်း မုန်တိုင်းဒဏ်များကို ခံနိုင်စွမ်းရှိသည့် သဘာဝ အနေအထားလည်း အားနည်းသွားရသည်။ ငါးကန်၊ ပုစွန်ကန်၊ မီးသွေးလုပ်ငန်း စသည်တို့ကြောင့် ဒီရေတောများ ပြုန်းတီးသွားသဖြင့် ဤအပြောင်းအလဲက ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း တဖြည်းဖြည်း ကြီးထွားလာသည်။ ကျေးလက်ဒေသ နေအိမ် အမိုးများ အတွက် လိုအပ်သော ဓနိပျစ်များအတွက် ဓနိပင် အများအပြားကိုလည်း ခုတ်လှဲခဲ့ကြသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ဒေသခံများ သောက်သုံးရေ သယ်ဆောင်၊ သိုလှောင်ရန်အတွက် ပလတ်စတစ်ပုံး အများအပြား တင်သွင်းကြသည်။ မြန်မာပြည် ဒေသအသီးသီးမှ မြေအိုး၊ စဥ့်အိုးများလည်း ဝယ်ယူကြသည်။
မုန်တိုင်းအပြီးတွင် ရေကန်၊ ရေတွင်းများကို သန့်ရှင်းရေး အကြိမ်ကြိမ် လုပ်ကြသည်။ သို့သော်လည်း ဆားငန်ရေက မြေအောက် ရေအရင်းအမြစ်များ အထိ ရောက်ရှိသွားသဖြင့် ရေတွင်း ရေကန်များ သန့်စင်ရေး လုပ်ငန်းများမှာ အနည်းငယ်သာ ထိရောက်သည်ဟု နာဂစ် ဒုက္ခသည်များက ရှင်းပြသည်။ ထို့ကြောင့် ရေတွင်းအသစ် တူးဖော်သည့် နည်းလမ်းမှာလည်း အလုပ်ဖြစ်မည့် နည်းလမ်း မဟုတ်နိုင် ဟု ဆိုသည်။
နိုင်ငံတကာ နှင့် ဒေသတွင်း အကူအညီပေးရေး အဖွဲ့များက ရေသန့်စင်သည့် စက်များ ဖြန့်ဝေထားပြီး ကျေးလက်ဒေသများတွင် သောက်ရေ ရရှိရေးကို ဆောင်ရွက်နေသည်။ သို့သော်လည်း မြစ်ဝကျွန်းပေါ်ဒေသ ရေအကြပ်အတည်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည်။
(မင်းမင်းသည် IPS သတင်းဌာန၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ သတင်းထောက်ဖြစ်သည်။ ဤသတင်းကို ဧရာဝတီအတွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်)
ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
0 commentsမုန်တိုင်းလာဦးမည်ဟု သတင်းကြားရပြီးကတည်းက ဒေါ်သူဇာ ဆောက်တည်ရာ မဲ့နေသည်။ အချိန်တိုင်း အိမ်ရှေ့ထွက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၊ အိမ်ထဲဝင်ကာ ပစ္စည်းသိမ်းလိုက် ၊ ဆော့ကစား နေသော မြေးဖြစ်သူကို တကြော်ကြော်ခေါ်ရင်း သူ့စိတ်ထဲ မဖော်ပြနိုင်အောင် ရှုပ်ထွေး နောက်ကျိ လျက်ရှိကာ မအိပ်နိုင်တော့။

နာဂစ်ကြောင့် သားနှင့် ချွေးမသေဆုံးသွားသဖြင့် စိတ်ဒဏ်ရာ ခံစားနေရသည့် အသက် ၆၂ နှစ်အရွယ် ဒေါ်သူဇာကို ၎င်း၏ တဲတွင်ထိုင်နေစဉ် ဤသို့မြင်တွေ့ရသည် (ဓာတ်ပုံ - ကြည်ဝေ၊ ဧရာဝတီ)
“နာဂစ်မုန်တိုင်း တိုက်တုန်းက အမေက အိပ်ပျော်နေတာ။ မြေးကလေး နိုးနေလို့သာ အသက်မသေတာပေါ့။ ဒီတခါတော့ အိပ်ပျော်နေလို့ မဖြစ်ဘူးဟဲ့ ဆိုပြီး ထိုင်စောင့်နေတာပဲ။ သားနဲ့ ချွေးမကတော့ နာဂစ်ကြောင့် သေရှာပြီ” ဟု အသက် ၆၂ နှစ်အရွယ် ဒေါ်သူဇာက မျက်ရည်ကျရင်း ပြောပြသည်။
၂၀၀၈ ခုနှစ်မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ငါးဖမ်းထွက်နေသော ဒေါ်သူဇာ၏ သားမှာ တခြားသော ရေလုပ်သားများနှင့်အတူ သေဆုံးခဲ့ပြီး ဒေါ်သူဇာ၏ ချွေးမမှာလည်း ကျန်လှေတစင်းနှင့်
ယောကျာ်းဖြစ်သူကို လိုက်ခေါ်ရာမှ လှေမှောက် သေဆုံးခဲ့ရသည်ဟု သိရသည်။
ထို့ကြောင့် ဒေါ်သူဇာမှာ မုန်တိုင်းလာဦးမည်ဟု အသံကြားကတည်းကပင် သူ၏ တဦးတည်းသော သွေးသား မြေးဖြစ်သူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း ဆောက်တည်ရာမဲ့ နေရကြောင်း သူ့အိမ်နီးချင်းများက ပြောပြကြသည်။
“တော်ပုလဲ တရပ်ကွက်လုံးက မုန်တိုင်းမှာ ထိပြီး လူမသေတဲ့ အိမ်ဆိုတာ မရှိသလောက် ဖြစ်သွားတော့ မုန်တိုင်းဆိုရင် ကြောက်ကြတာပဲ။ ကျနော့် မိန်းမဆို ရေဒီယိုကို လက်က မချတမ်း နားထောင်နေပြီး ကြောက် နေတာ” ဟု တော်ပုလဲ ရပ်ကွက်သားတဦးက ပြောဆိုသည်။
တော်ပုလဲ ရပ်ကွက်သည် ရေလုပ်သားအများဆုံးနေထိုင်သော ရပ်ကွက်ဖြစ်ပြီး နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ငါးဖမ်းစက်လှေ ထွက်ကြသူများအားလုံး နီးပါး သေဆုံးခဲ့သောကြောင့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ သုံးပုံ ၁ ပုံခန့် သေဆုံးခဲ့သော ရပ်ကွက်ဖြစ်ကြောင်း၊ နာဂစ်မုန်တိုင်းပြီးကတည်းက ရေဒီယိုလှူသော စေတနာ အလှူရှင်တချို့၏ ကျေးဇူးကြောင့် လူတိုင်းနီးပါး ရေဒီယို နားထောင်လာကြကြောင်း ပြောဆိုသည်။
ဧပြီလ ၁၇ ရက်နေ့က ဘစ်ဂျလိမုန်တိုင်းနှင့် ပတ်သက်ပြီး အစိုးရမိုးလေ၀သဌာန၏ မုန်တိုင်းသတိပေးချက် ထွက်ရှိပြီးကတည်းက နာဂစ်မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ကြရသူများမှာ ကြောက်လန့် နေကြရကြောင်း သိရသည်။
“အဲဒီသတင်းထွက်ကတည်းက နာဂစ်လာဦးမယ်တဲ့ ဆိုပြီး အော်ငိုတဲ့သူက ငို၊ ရန်ကုန်တက်မယ်၊ ရန်ကုန် တက်မယ် ဆိုပြီး ကြောက်အားလန့်အားနဲ့ အထုပ်ဆွဲတဲ့သူက ဆွဲပေါ့။ တလောကလုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တာပဲ ဘုန်းဘုန်းကြီးက လော်စပီကာနဲ့ အော်ပြီး တရားချတာတောင်မှ မရဘူး၊ အားလုံး ကြောက်နေကြတာ” ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရေတိမ်ကျေးရွာသူ တဦးက ပြောဆိုသည်။
အဆိုပါ ရေတိမ်ကျေးရွာမှာ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်သွား ကားလမ်းနဘေး လှေဆိပ်မှ စက်လှေနှင့် မိနစ် ၂၀ ကျော်ကြာအောင် သွားရသော ကျေးရွာဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ကြရပြီး ရွာရှိလူ၏ ထက်ဝက်ခန့်မှာ နာဂစ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
ဒေါ်သူဇာလိုပင် မုန်တိုင်းလာဦးမည်ဟု သတင်းကြားကတည်းက ကြောက်ရွံ့စိတ်ဖြင့် သံသေတ္တာထဲ ၀င်ပုန်းနေခဲ့သော အသက် ၇ နှစ်အရွယ်ကလေးငယ်တဦးလည်း ရှိသည်။
အဆိုပါ ကလေးငယ်မှာ ရေလုပ်သားမိသားစုမှ မွေးဖွားလာခဲ့သူဖြစ်ပြီး နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့သော ကျေးရွာသား ၂၀၀ ကျော်တွင် ကလေး၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရှိရသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က သူ့အဘိုးဖြစ်သူမှာ သူ့ကို သေတ္တာထဲ ၀င်ခိုင်းပြီး သေတ္တာထဲတွင်နေမှ အသက်ရှင်မယ်ဟု ပြောခဲ့ကာ ထိုကလေးကို သေတ္တာထဲ ထည့်ပေးခဲ့သည့်အတွက် ကလေးမှာ မုန်တိုင်း တိုက်ခတ်နေစဉ် ကာလ တလျှောက်လုံး သေတ္တာထဲမှ နေပြီး အသက်ရှင်ခွင့်ရခဲ့သည်။
သူ့ကို သေတ္တာထဲ ထည့်ပေးခဲ့သူ အဘိုးကတော့ မုန်တိုင်းကြောင့် သေဆုံးသွားခဲ့ပြီး ကလေးမှာ မိုးရွာသည့် အခါနှင့် ယခုလို မုန်တိုင်းလာမည် ဟု သတင်းကြားသည့်အခါများတွင် သေတ္တာထဲ ၀င်နေလေ့ရှိကြောင်း ကလေး၏ အဒေါ်တော်စပ်သူ တဦးက ပြောပြခဲ့သည်။

ယာယီတဲများနှင့် နေနေရဆဲ နာဂစ်ဒုက္ခသည်များ (ဓာတ်ပုံ - ကြည်ဝေ၊ ဧရာဝတီ)
မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့အတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းရှိ လူပေါင်း ၈၄၅၃၇ ဦးသေဆုံးခဲ့ပြီး ၅၃၈၃၆ ဦး ပျောက်ဆုံးဆဲဖြစ်ကာ အဆိုပါ ဒေသများမှ အဆောက် အအုံများ၊ စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။
ယခုအခါ နာဂစ်ကြောင့် အသက်မသေဘဲ ကျန်ရစ်သူများမှာ မုန်တိုင်းလာမည်ဟု သတင်းကြား ကတည်းက ကြောက်လန့် နေခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့ကစ၍ မိုးသည်း၊ လေထန်သည်နှင့်ပင် ကြောက်လန့်တကြား အော်ငိုသူက ငို၊ ပလတ်စတစ်ဂါလန်ပုံးဆွဲသူက ဆွဲ၊ သွေးရူးသွေးတန်း လှေပေါ်တက်သူက တက်နှင့် သွေးပျက်ခဲ့ကြကြောင်း သိရှိရသည်။
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ၊ ချောင်းကြီးကျေးရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တဦးကလည်း မိုးကြိုကာလဖြစ်သည့် မုန်တိုင်းကာလအတွင်း မုန်တိုင်းအနည်းဆုံး ၆ ခုခန့် ၀င်ရောက် နိုင်သည် ဆိုသည့် သတင်းကြောင့် မုန်တိုင်းကို ကြောက်ကာ ချောင်းကြီးရွာတွင် မနေရဲတော့ဘဲ ရန်ကုန်မြို့ရှိ မိတ်ဆွေ တဦးနေအိမ်တွင် ခေတ္တခဏလာရောက် ခိုအောင်းနေကြောင်း သိရသည်။
သူ့လိုပင် မုန်တိုင်းကြောက်သောကြောင့် ပြင်စလူတွင် နေထိုင်သူများနှင့် ပင်လယ်ဝနှင့် နီးသော ကျေးရွာများတွင် နေထိုင်ကြသူများမှာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ၎င်းတို့နှင့် နီးစပ်ရာ လပွတ္တာ၊ မြောင်းမြ၊ ကျိုက်လတ်စသည့် ဆွေမျိုးများရှိရာ မြို့များသို့ ပို့ထားကြသည်။
ရွာတွင် နေခဲ့သူတချို့ကလည်း ပလတ်စတစ် ဂါလန်ပုံးလွတ်များကို လိုက်လံ စုဆောင်းထားကြပြီး ရာသီဥတုကို အရင်ကထက် ပိုမို သတိထား စောင့်ကြည့်လာကြသည်ဟု အဆိုပါ အမျိုးသမီးက ပြောဆိုသည်။
“ကျမတို့ ရေဒီယိုလည်း နားထောင်တယ်၊ ပြီးတော့ မိုးရွာတာ လေတိုက်တာကအစ ဘယ်လိုနေလဲ၊ မုန်တိုင်း လာနိုင်သလား ဆိုတာ ဂရုတစိုက်ကြည့်တယ်၊ ခုချိန်မှာ မုန်တိုင်းဆိုတဲ့အသံ ဘယ်သူမှ မကြားချင်ဘူး၊ မုန်းတယ်၊
ကြောက်တယ်၊ ကျမ အကိုတွေ မောင်တွေ သေခဲ့တာလည်း မမေ့ဘူး၊ လူတွေအများကြီး သေခဲ့တာကိုလည်း မေ့မရပါဘူး” ဟု သူက စကားပြောနေရင်း ငိုသည်။
မုန်တိုင်းဆိုသည့် အသံကြားလျှင် ဦးတည်ရာမဲ့ ပြေးကြ၊ လွှားကြနှင့် သူတို့၏ အဖြစ်မှာ မြင်ရသူများအဖို့
စိတ်မကောင်းဖွယ်ရာဖြစ်ကြောင်း ဧရာဝတီတိုင်း၊ လပွတ္တာဒေသအတွင်း နာဂစ်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိသော
ကိုကျော်ကိုကိုက ပြောပြသည်။
“မုန်တိုင်းဆိုရင် သူတို့က ပြေးဖို့ ပြင်တော့တာပဲ၊ အဲလိုဖြစ်တာလည်း အပြစ်မပြောနဲ့ သူတို့အဖြစ်အပျက်တွေက တော်တော်ကို ဆိုးရွားခဲ့တာ။ အဲဒါတွေထဲကနေ သူတို့ နဂိုအတိုင်းပြန်ဖြစ်ဖို့ ဆိုတာ သိပ်မလွယ်ဘူး။ ပြီးတော့ ကျနော်တို့ ဆီမှာ သူများနိုင်ငံတွေလို စိတ်ဒဏ်ရာ ကုပေးတာမျိုးတွေလည်း မရှိတော့ ပိုဆိုးတာပေါ့” ဟု သူက ဆိုသည်။
နာဂစ်မုန်တိုင်းကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့သူများ၏ စိတ်ဒဏ်ရာကို လိုက်လံ ကုသပေးသော အဖွဲ့အစည်းတချို့ရှိသည်ဟု သိရသော်လည်း လူနာဦးရေနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးလှသည်ကို တွေ့ရှိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ တချို့ဒေသများသို့ စိတ်ဒဏ်ရာ လိုက်လံကုသပေးခဲ့သော ငြိမ်း ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း လူငယ်တဦးက ၎င်းတို့အဖွဲ့အနေနှင့် နာဂစ်ဖြစ်ပြီး နောက်ပိုင်း ကျေးရွာများအထိ ကွင်းဆင်း ကုသပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ရွာတရွာတွင် နှစ်ပတ်မျှ နေထိုင်၍ ဒေသခံများနှင့် စကားပြော ကုသခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုသည်။
“ကျနော်တို့အဖွဲ့က တော်တော်များများက စေတနာ့ဝန်ထမ်းတွေ ဆိုတော့ လုပ်ပေးနိုင်တဲ့ အချိန်ကာလကလည်း အတိုင်းအတာ ရှိတာပေါ့နော်။ တောက်လျှောက် လိုက်ကုပေးဖို့ ကျတော့လည်း ကျနော်တို့မှာ တခြား အခက်အခဲ တွေ ရှိတော့ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့တဲ့ အနေအထားပဲ ရှိပါတယ်” ဟု သူက ဆိုသည်။

တနှစ်ကြာသည်အထိ အမိုးအကာ အတည်တကျ မရှိသေးသော မြစ်ဝကျွန်းပေါ်ဒေသ နာဂစ် ဒုက္ခသည် တံငါသည်များ (ဓာတ်ပုံ - ကြည်ဝေ၊ ဧရာဝတီ)
မုန်တိုင်းဒဏ်သင့် ဒေသများသို့ ရွှေ့ပြောင်း ဆေးခန်းအနေနှင့် လိုက်လံ ဆေးကုသပေးလျှက်ရှိသော ရန်ကုန်မြို့မှ ဆရာဝန်တဦးကလည်း ၎င်း သွားရောက်ကုသခဲ့သော ဒေသများမှ လူနာအများစုသည် မုန်တိုင်းပြီးစဉ်က လှူဒါန်း ထားကြသည့် တာပေါ်လင်မိုးအောက်၌ မလုံမခြုံနေထိုင်နေရဆဲ ဖြစ်သည့်အပြင် အ၀တ်အထည်၊ အစား အသောက် စသဖြင့် ချို့တဲ့နေဆဲဖြစ်သည့်အတွက် စိတ်ပူရသည့် အခြေအနေမျိုးဖြစ်ကြောင်း ပြောဆိုသည်။
“စိတ်နဲ့ ရုပ်ဆိုတာ တွဲနေတာပါ။ စိတ်ကျန်းမာမှ လူကျန်းမာနိုင်သလို လူကျန်းမာမှလည်း စိတ်ကျန်းမာလာအောင် ကုသနိုင်မယ်၊ သူတို့တွေမှာ ကျနော် မြင်ရသလောက် လိုအပ်နေတာတွေက အများကြီးပဲ။ နေထိုင်စရာ အမိုး အကာ လုံလုံခြုံခြုံ၊ စားစရာ အစားအစာ၊ အ၀တ်အထည် အားလုံး လိုအပ်နေသေးတယ်၊ အဲဒါတွေကို ပြည့်စုံ အောင် မဖြည့်ဆည်းပေးနိုင်သရွေ့ သူတို့တွေ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး” ဟု အဆိုပါ ဆရာဝန်က သုံးသပ်ဝေဖန်သည်။